စမ်းချောင်းမြို့နယ်နေ MPT ဝန်ထမ်း ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 3, 2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိပြီး ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှာ ရုံးထိုင်တဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ ကျွန်းတောတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လူနာသစ် ၃ ဦးစလုံးက အမျိုးသားတွေဖြစ်ပြီး ရုံး မသွားရောက်တာ ၂ ပတ်လောက်ရှိပြီး ပုသိမ်လမ်းထိပ်က ဝင်းထက်ကျော်ဆေးခန်းမှာ သွားရောက်ဆေးခန်းပြနေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
လူနာသစ် ၃ ဦးစလုံးဟာ ဗဟိုလမ်း၊ မအူပင်လမ်းထိပ်က တိုက်တစ်ခုရဲ့ ၇ လွှာမှာ အတူ နေထိုင်တာဖြစ်ပြီး လက်ရှိသူတို့နေထိုင်တဲ့တိုက်ကို Lockdown ချထားပြီး အဝင်အထွက်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သူတို့နဲ့ ထိတွေ့မိသူတွေကိုလည်း သက်ဆိုင်ရာက လိုက်လံစုံစမ်းနေပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ခဲ့တဲ့ လူနာသစ် ၆၃ ဦးထဲမှာလည်း ရန်ကုန်တိုင်းက ၃၆ ဦးပါဝင်ပါတယ်။
သတင်း - နူးရာ