နေပြည်တော်တွင်တွေ့ရသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ တရုတ်နိုင်ငံမှ ပြန်လာသူဖြစ်
DVB
·
September 3, 2020
နေပြည်တော်၊ လယ်ဝေးမှာတွေ့ရတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာဟာ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရာက ပြန်လာသူဖြစ်ပြီး နေပြည်တော်ရှိ ကွာရင်တင်းစင်တာမှာ ဝင်နေသူဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၃ ရက်မနက်ပိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ ဦးစာရင်းမှာ လယ်ဝေးမြို့နယ်အတွင်းနေထိုင်တဲ့သူတစ်ဦးလည်း ပါဝင်နေတာပါ။
အဒီလူနာနဲ့အတူ တရုတ်ပြည်က ပြန်လာသူ စုစုပေါင်း ၂၅ ဦးရှိပြီး သူတဦးတည်းသာ Positive ပြတာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“အလုပ်သွားလုပ်ပြီးတော့ ၂၆ ရက်နေ့မှာ ကန်တုံမြို့ကနေပြန်လာတယ်။ ပြန်လာပြီးတော့ ၂၉ ရက်နေ့မှာ လားရှိုးကိုရောက် ပါတယ်။ တရုတ်ပြည်က လူစုပြီးတော့ နေပြည်တော်ထဲကို လာပါတယ်။ နေပြည်တော်ရောက်တော့ ဘယ်မှမဝင်ဘဲနဲ့ ကျနော်တို့ တည်းခိုရေးစခန်းမှာရှိတဲ့ Quarantine Camp မှာ ရောက်နေပါတယ်။သူနဲ့အတူတူ Quarantine ဝင်တဲ့သူအကုန်လုံးကို ပထမအကြိမ်ဆေးစစ်တဲ့အခါ သူတစ်ယောက်ထဲ positive ဖြစ်ပြီး ကျန်တဲ့သူတွေက negative ပါ ။ Quarantine ထဲမှာတွေ့တဲ့အတွက် စိုးရိမ်စရာတော့ သိပ်မရှိဘူး။ သူကနေပြည်တော်ထဲမှာကို လျှောက်သွားထားတာ မရှိဘူး။”
နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ လူနာတွေ့ရှိနှုန်းမြင့်တက်လာတဲ့အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရဲ့ အဝင်အထွက်ဂိတ်တွေကို ပြန်ပိတ်ထားပြီး စက်တင်ဘာ၂ ရက်ကစလို့ နေပြည်တော်ကို လာရောက်သူဘယ်သူမဆို ကိုယ့်စားရိတ်နဲ့ကိုယ် ဆေးစစ်ရမှာ ဖြစ်တယ်လို့လည်း နေပြည်တော်ကောင်စီက ကြေညာထားပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)