Home
မြန်မာသတင်း
ကယားပြည်နယ်မှ အမျိုးသမီးများ စုစည်းရေးညီလာခံ ကျင်းပ
နန်းမြနဒီ
·
June 19, 2013
ကယားပြည်နယ်နဲ့ ထိုင်းမြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ကရင်နီအမျိုးသမီး အဖွဲ့အစည်းတွေ  အင်အားစုစည်းဖို့အတွက်  ပထမဆုံးအကြိမ် ကရင်နီအမျိုးသမီး ညီလာခံကြီးကို စတင်ကျင်းပနေပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့ ကရင်နီအမျိုးသမီးအဖွဲ့၊ ကယန်းအမျိုးသမီးအဖွဲ့နဲ့ ကယားပြည်နယ်က  အမျိုးသမီးအဖွဲ့တွေဟာ ကယားပြည်နယ် ဒီမောဆိုမြို့ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းရဲ့ အစည်းအဝေးခန်းမမှာ ညီလာခံ ကျင်းပနေပါတယ်။ ပထမဆုံးအကြိမ်  ကယားအမျိုးသမီးညီလာခံကို ဇွန် ၁၉ ရက်ကနေ ၂၁ ရက်နေ့ အထိ ၃ ရက်တာ ကျင်းပသွားဖို့ရှိပြီး  ညီလာခံ ပထမနေ့မှာတော့  ကရင်နီအမျိုးသမီး အဖွဲ့အစည်းအသီးသီးက မိမိလှုပ်ရှားဆောင်ရွက်ချက်တွေကို လာရောက်တင်ပြကြတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မော်သိုးမြာ မိညိုက ဒီဗွီဘီကို ပြောပါတယ်။ “ကရင်နီအမျိုးသမီးအစည်းအရုံး လှုပ်ရှားမှုအခြေအနေတွေကို တင်သွားမယ်။ ဒုတိယအနေနဲ့ အမျိုးသမီးရေးရာလုပ်နေတဲ့ အဖွဲ့အစည်းတွေကနေ အမျိုးသမီးလှုပ်ရှားမှု ပုံစံလေးတွေ တင်မယ်။ နောက်တခုက ကယားပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ နိုင်ငံရေးအခြေအနေနဲ့ ကရင်နီ ပညာတတ်အမျိုးသမီးတွေရဲ့ အခြေအနေတွေကို တင်ပြမယ်။ နယ်စပ်ဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေ ဒါတွေတင်ပြမယ်။” ညီလာခံ ပြီးဆုံးသွားရင် ကယားတပြည်နယ်လုံး အတိုင်းအတာနဲ့ အမျိုးသမီး အင်အားစုတခုကို  စုစည်းနိုင်မယ်လို့ ပွဲစီစဉ်သူတွေ က မျှော်လင့်နေပါတယ်။ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး ဒေါ်မီးမီးကလည်း  ညီလာခံမှာ  အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားနှိမ်ချဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူညီချက် စတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးရာမှာ အစိုးရဘက်က အမျိုးသမီးအဖွဲ့အစည်းတွေလည်း တက်ရောက်ဆွေးနွေးတယ်လို့ ပြောပါတယ်။ ကရင်နီအမျိုးသမီးတွေ အခွင့်အရေးနဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စွမ်းရည်မြှင့်တင်ပေးဖို့ ကိစ္စကို အစိုးရနဲ့ ဆွေးနွေးတဲ့အခါ ထည့်သွင်းဆွေးနွေးဖို့လည်း သူတို့ ကေအန်ပီပီတာဝန်ရှိသူတွေကို တိုက်တွန်းထားတယ်လို ဒေါ်မီးမီးက ပြောပါတယ်။ဒီညီလာခံကို  ထိုင်းမြန်မာနယ်စပ်အခြေစိုက် ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကယန်းအမျိုးသမီးအဖွဲ့တို့အပြင် ကယားပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်ပေါင်း ၇ မြို့နယ်က အမျိုးသမီးကိုယ်စားလှယ်တွေ၊ ကေးထိုးဘိုးလူငယ်အဖွဲ့၊ ဘူးထဲမော်မိုး (အသက်မွေးဝမ်းကျောင်း မှုဆိုင်ရာ) အမျိုးသမီးအဖွဲ့၊ ကယားပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးဗဟိုအဖွဲ့၊  ဒွေးမယ်နော်အဖွဲ့၊  ၈၈ မျိုးဆက် အမျိုးသမီးအဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီင်္ (ကေအန်ပီပီ)ထဲက အမျိုးသမီးတွေပါ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်လာကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024