မြန်မာနိုင်ငံ၌ ၅ လကျော်အတွင်း ကိုဗစ်-၁၉ လူနာ ၁၀၀၀ ကျော်တွေ့၊ ရခိုင်ကအများဆုံးပါဝင်
ညီငယ်
·
September 3, 2020
မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်က စတင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာစတွေ့ပြီးနောက် စက်တင်ဘာ ၃ ရက်မနက်အထိ ၅ လကျော်အတွင်း ပိုးတွေ့လူနာ ၁၀၅၈ ယောက်အထိ ရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုးတွေ့လူနာ ၁၀၅၈ ယောက်ထဲမှာ ရခိုင်ပြည်နယ်က ၄၆၆ ယောက်နဲ့ အများဆုံး တွေ့ထားပြီး၊ ဒုတိယ အများဆုံးကတော့ ၄၄၃ ယောက်ရှိတဲ့ ရန်ကုန်က ဖြစ်ပါတယ်။
သြဂုတ် ၁၆ ရက်ကစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘယ်ကကူးစက်မှန်းမသိတဲ့ ၃၇၅ ယောက်မြောက်ပိုးတွေ့လူနာတွေ့လာခဲ့ကာ ပြည်တွင်းကူးစက်မှု တကျော့ပြန်တွေ့လာပြီး ဒုတိယလှိုင်းအနေနဲ့ ပြန်တွေ့လာတာဖြစ်ပါတယ်။
သြဂုတ်လတတိယပတ်ကစလို့ သီတင်းပတ်တွေအတွင်း ကူးစက်မှု ဆက်လက်အရှိန်မြင့် လာရာ ၁၈ ရက်အတွင်း လူနာပေါင်း ၆၈၄ ယောက်ထပ်တိုးလာပါတယ်။
ပိုးတွေ့ထားသူ စုစုပေါင်း ၁၀၅၈ ယောက်ထဲမှာ ရခိုင်ပြည်နယ်က ၄၆၆ ယောက်၊ ရန်ကုန်တိုင်းက ၄၄၃ ယောက်၊ ကရင်ပြည်နယ်က ၂၉ ယောက်၊ ချင်းပြည်နယ်က ၁၈ ယောက်၊ ရှမ်းပြည်နယ်က ၁၂ ယောက်၊ ပဲခူးက အယောက် ၄၀၊ စစ်ကိုင်းတိုင်းက ၉ယောက်၊ မန္တလေး တိုင်းက ၁၀ ယောက်၊ မွန်ပြည်နယ်က ၁၅ ယောက်၊ တနင်္သာရီက ၄ ယောက်၊ မကွေးတိုင်းက ၄ ယောက်၊ နေပြည်တော်က ၄ ယောက်၊ ဧရာဝတီက ၂ ယောက်နဲ့ ကချင်းပြည်နယ်က ၂ ယောက် ဖြစ်ပြီး ကယားပြည်နယ်မှာတော့ ပိုးတွေ့လူနာမတွေ့ရှိထားပါဘူး။
ဒီလူနာ ၁၀၅၈ ယောက်ထဲမှာ ၃၅၉ ယောက်ကတော့ ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။