မော်လမြိုင်မြို့ပေါ် ရပ်ကွက် ၂ ခုကို Stay at Home အဖြစ် သတ်မှတ် 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက် ၂ ခုကို Stay at Home အဖြစ် သတ်မှတ်လိုက်ပြီး စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့ ပြန်ရောင်းချဖို့နဲ့ နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို အရေးယူဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။  မော်လမြိုင်မှာတော့ စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းက ကိုဗစ်-၁၉ လူနာသစ် ၈ ဦးထပ်မံ တွေ့ရှိခဲ့တာပါ။ အဲလို တွေ့ရှိပြီးနောက် မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၂ ရက်နေ့မှာခေါ်ယူကျင်းပခဲ့ကာ စားသောက်ဆိုင်တွေအားလုံး ပါဆယ်စနစ်နဲ့ ပြန်ရောင်းချဖို့နဲ့ နေအိမ်အပြင်ထွက်တိုင်း Mask မတပ်တဲ့သူတွေကို အရေးယူဖို့ ဆုံးဖြတ်ခဲ့တာလို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ လတ်တလောမှာတော့ မော်လမြိုင်မြို့ပေါ် ရပ်ကွက် ၂ ခု ဖြစ်တဲ့ စစ်ကဲကုန်းနဲ့ မုပွန်ရပ်ကွက်ကို stay at home အဖြစ် သတ်မှတ်လိုက်တာပါ။ ဒါ့အပြင် မော်လမြိုင်မြို့ဝင်မြို့ထွက်ဂိတ်တွေအပြင် ကားဂိတ်၊ ဘူတာရုံတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက ရှောင်တခင် ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်ဖို့၊ ကိုဗစ်လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ရောဂါပိုးစစ်ဆေးမှု အဖြေအပေါ် မူတည်ပြီး စျေးတွေကို ကန့်သတ်တာတွေ လုပ်ဆောင်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။ အခုအခါ မော်လမြိုင်မှာ ပြည်တွင်းကူးစက်မှုတွေ တွေ့ရှိလာတဲ့အတွက်ကြောင့် ပြည်သူတွေ အနေနဲ့ မလိုအပ်ရင် နေအိမ် အပြင်မထွက်ကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ မော်လမြိုင်မှာတော့ လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးရှိပြီး အဲဒီထဲမှာ ရောဂါ ထိန်းချုပ်၊ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း ၄ ဦး ပါဝင်နေတာပါ။  သတင်း - ဇော်လွင်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up