Home
မြန်မာသတင်း
Stay at Home ဒေသမှ ဧရာဝတီတိုင်းကို ပြန်လာသူများသတင်းပို့ရမည်
DVB
·
September 3, 2020
ဧရာတိုင်းဒေသကြီးကို  ရခိုင်ပြည်နယ်ကနေ  ပြန်လာသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ တာဝန်ရှိသူတွေထံ သတင်းပို့တာတွေပြုလုပ်ပေးဖို့ တိုင်းအစိုးရအဖွဲ့က တိုက်တွန်း ပါတယ်။ Stay at Home မြို့နယ်တွေက ပြန်လာတဲ့သူတွေ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း စိစစ်ဆောင်ရွက်နေပြီး တိုင်းရဲ့ ဝင်ထွက်ဂိတ်တွေမှာစိစစ်ဆောင် ရွက်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ "ပြည်သူတွေကို ပန်ကြားချင်တာကတော့ အဲ့လို Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ရောက်လာတဲ့သူတွေရှိရင် အနီးစပ်ဆုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သတင်းပို့ ပေးဖို့နဲ့ ကျန်းမာရေးဌာနက စစ်ဆေးပြီး အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ဓာတ်ခွဲ စစ်ဆေးတာတွေကို အမြန်ဆုံးလုပ်သွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေကိုလည်း အစည်းအဝေးမှာ မှာကြားထားပါတယ်" လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းရဲ့ ဝင်ထွက်ဂိတ်တွေမှာ လုံခြုံရေးသာမက ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ဆောင်ရွက်နေသလို ရန်ကုန်ကနေ ဧရာဝတီတိုင်းသို့ ဝင်ထွက်ဂိတ်တွေမှာလည်း စစ်ဆေးတာတွေပြုလုပ်နေပါတယ်။ တိုင်းအတွင်း မြို့နယ်တွေက ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေကိုတော့ ပြန်လည်ဖွင့်လှစ်ဖို့ အတွက်အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ ဘက်ရဲ၊ ရေနံသာ၊ ကျောက်ချွန်နဲ့ မဲဇလီစစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေကို တင်းကြပ်စွာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းအတွင်းကို ရခိုင်ပြည်နယ်က ပြန်လည်ဝင်ရောက်လာသူ ၂၀၀ ကျော် ရှိနေပြီး သူတို့ကို သက်ဆိုင်ရာမြို့နယ်အလိုက် အသွားအလာကန့်သတ်စောင့်ကြည့်တဲ့နေရာတွေမှာ ထားရှိသလို ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ချိန်မှာ ရောဂါပိုးတွေ့ရှိတာမျိုး မရှိဘူးလို့ အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ သတင်း - မင်းထက်မုန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024