ဝစ်ဂျ်နယ်ဒမ် ဘာစီလိုနာကို ပြောင်းရွှေ့ရန် သဘောတူညီမှုရပြီဟု သတင်းထွက်

လီဗာပူးကွင်းလယ်ကစားသမား ဝစ်ဂျ်နယ်ဒမ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီချက်ရရှိခဲ့ပြီလို့ စပိန်သတင်းတွေမှာ ဖော်ပြပါတယ်။  နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး နောက်ရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်သူဖြစ်ပါတယ်။  Sport သတင်းဌာနမှာ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမှုမှာ တော်တော်လေးအဆင်ပြေနေပြီး စပိန်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ် ဆိုဖို့ ကစားသမားဘက်က တောင်းဆိုထားတယ်လို့ သိရပါတယ်။  ဘာစီလိုနာအသင်းဟာ ဝစ်ဂျ်နယ်ဒမ်အား ဆီဗီလာအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ရာကီတစ်နဲ့ အင်တာကို ပြောင်းရွှေ့လုနီးပါးဖြစ်နေတဲ့ ဗီဒယ်တို့နေရာမှာ အစားထိုးဖို့ ခေါ်ယူမှာဖြစ်ပြီး လီဗာပူးအသင်းနဲ့တော့  ပြောင်းရွှေ့ကြေးကိစ္စမှာ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။  ဘာစီလိုနာနည်းပြသစ်  ရော်နယ်ကိုးမန်းဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ ဝစ်ဂျ်နယ်ဒမ်နဲ့ လက်တွဲခဲ့သူဖြစ်ပြီး ကွင်းလယ်ကစားသမားရဲ့ ခြေစွမ်းကို အထူးသဘောကျနှစ်သက်သူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဘက်က ဝစ်ဂျ်နယ်ဒမ်ကို  ပေါင် ၁၇ ဒသမ ၇ သန်းလောက်နဲ့ ခေါ်ယူခွင့်ရရှိဖို့ မျှော်လင့်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  လီဗာပူးအသင်းကလည်း အသင်းနဲ့စာချုပ်သက်တမ်းထပ်မတိုးဘူးဆိုရင် ဝစ်ဂျ်နယ်ဒမ်ကို ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပြီး သူ့နေရာမှာ အစားထိုးဖို့ ဘိုင်ယန်ကွင်းလယ်လူ သီယာဂိုအယ်လ်အန်တာရာကို စောင့်ကြည့်နေပါတယ်။  လီဗာပူးနည်းပြ ကလော့ပ်ကိုယ်တိုင်က သီယာဂိုကို ခေါ်ယူဖို့ စိတ်ဝင်စားပေမဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ ကိစ္စတွေကြောင့် ကမ်းလှမ်းတာတော့ မရှိသေးပါဘူး။ 

//
More News
Up