Home
မြန်မာသတင်း
ကယားပြည်နယ်သို့ Stay at home မြို့နယ်များမှ လာရောက်သူများ ကွာရန်တင်းဝင်ရမည်
နော်နိုရင်း
·
September 2, 2020
ရန်ကုန်တိုင်းအတွင်းရှိ Stay at home အဖြစ်ကြေညာခံထားရတဲ့ မြို့နယ် ၇ မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ကယားပြည်နယ်အတွင်းလာ ရောက်ပါက Community Based Facility Quarantine စင်တာမှာ ၂၁ ရက်ဝင်ရောက်ရမှာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home အစီအစဉ် သတ်မှတ်ကြေညာထားတဲ့ မြို့နယ်တွေကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ မင်္ဂလာဒုံ မြို့နယ်တွေဖြစ်ပါတယ် အဲဒီ ၇ မြို့နယ်က ပြည်သူတွေအနေနဲ့ ကယားပြည်နယ်ကိုလာရောက်ပါက  Quarantine ထားရှိဖို့  မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုက တာဝန်ရှိတွေကို အကြောင်းကြားထားပြီးပြီလို့  ပြောပါတယ်။ ဒါ့အပြင်  ကယားပြည်နယ် အတွင်းသို့ အကြောင်းအမျိုးမျိုးနဲ့ လာရောက်ကြမယ့်သူတွေအနေနဲ့ ခရီးသွား ထောက်ခံချက်နဲ့အတူ  လာရောက်ရမယ်လို့  ကယားပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်တဲ့ ဩဂုတ်လလယ်လောက်ကစပြီး ကယားပြည်နယ်အတွင်း ဝင်ရောက်လာမယ့်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။ “ ကျနော်တို့မှာ လွို်ငကော်ဂိတ် ထီးစဲခါးရယ်၊ ဆောင်ကမ်းရယ်၊ ပီကင်းရယ်ရှိတာပေါ့နော်။ အဲဒီဂိတ်တွေမှာ ညွှန်ကြားချက်နဲ့အညီ စစ်တာဆေးတာတွေနောက် ကားကြီးဝင်းမှာလည်း စစ်ဆေးတာတွေလုပ်နေပါတယ်။ ” ဒီကနေ့ ညွှန်ကြားချက်ထွက်လာတာနဲ့တပြိုင်နက် ရန်ကုန်တိုင်းက stay at home သတ်မှတ်ခံထားရတဲ့မြို့နယ်တွေက လာရောက်သူ ၃ ဦးကို Quarantine စင်တာမှာ ပို့ဆောင်ထားတယ်လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။ ဒါ့အပြင် လွိုင်ကော်မြို့တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု  မဖြစ်ပေါ်စေရေး  Mask မတပ်ဘဲ သွားလာနေတဲ့ ပြည်သူတွေ  mask တပ်ဆင်ရေးအတွက် လှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ မတွေ့ရှိသေးပေမယ့်  ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ  Quarantine စင်တာမှာထားရှိသူ ၆ ဦးရဲ့   ဓာတ်ခွဲနမူနာတွေကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ  စစ်ဆေးသွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024