A d v e r t i s e m e n t With Us

ဥရောပနိုင်ငံအချို့တွင်  စာသင်ကျောင်းများပြန်ဖွင့် 

ဥရောပတိုက်က  ပြင်သစ်၊ စပိန်၊ ရုရှားနဲ့ ဗြိတိန်နိုင်ငံတွေမှာ  ကျောင်းသားတွေ စက်တင်ဘာ ၁ ရက်ကစပြီး ကျောင်းပြန်တက်နေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တကျော့ပြန် လှိုင်းထနေရာကနေ ကူးစက်မခံရအောင် ပါးစပ် နှာခေါင်းစည်းတွေကိုလည်း ဝတ်ဆင်ထားကြပါတယ်။ လက်ဆေးတဲ့နေရာတွေ၊ လူချင်းခွာနေတဲ့ဓလေ့နဲ့ အချိန်ချင်းမတိုက်အောင်လွှဲပြီး ဇယားဆွဲထားတဲ့ ကစားချိန်တွေဟာ ပုံမှန်အခြေအနေသစ် ဖြစ်လာပါတယ်။ ဒါဟာ ဘေးကင်းတဲ့ ကျောင်းစာသင်ခန်းတွေဆီ ကလေးတွေရောက်ရေး နည်းလမ်းရှာဖို့ ဥရောပနိုင်ငံတွေက ကျင့်သုံးတဲ့စနစ်ပါ။ ဒါပေမဲ့ ကျောင်းတွေ၊ ရုံးတွေ ပြန်ဖွင့်ချိန်ဟာ ဥရောပမှာ ဆောင်းဦးတုပ်ကွေးရာသီနဲ့ရော ဆောင်းရာသီ သေဆုံးနှုန်းများချိန်နဲ့ပါ တိုက်ဆိုင်နေလို့ ဒုတိယ ကူးစက်မှုလှိုင်း ဖြစ်လာမှာကို လူအများအပြားက စိုးရိမ်နေပါတယ်။ ကျောင်းတွေကနေ ကူးစက်မှု လျှော့ချဖို့ မတူခြားနားတဲ့နည်းတွေကို နိုင်ငံတွေက သုံးနေကြတာပါ။ စပိန်ရဲ့ဒေသ ၁၇ ခုဟာ ကျောင်းပြန်ဖွင့်ရေး ကိုယ်ပိုင်အစီအမံတွေကို တာဝန်ယူထားပါတယ်။ အသက် ၆ နှစ်အထက် ကလေးအားလုံး မဖြစ်မနေ ပါးစပ်၊ နှာခေါင်းစည်းတပ်ဖို့ အပါအဝင် နိုင်ငံတော်စီမံချက်တွေကိုပါ လိုက်နာရမှာပါ။ ရုရှားမှာတော့ ကူးစက်ခံအတည်ပြုလူနာ ၁ သန်းကျော်နေပေမယ့် ကျောင်းသားတွေ ကျောင်းပြန်တက်ခဲ့ကြပါတယ်။ ပြင်သစ်အစိုးရကတော့ အကျပ်အတည်းဟာ ပြည်သူ့လူနေမှုဘဝကို မထိန်းချုပ်ရဘူးလို့ ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ဒီသီတင်းပတ်ထဲမှာ အင်္ဂလန်က ကျောင်းတွေ ပြန်ဖွင့်ဖို့က အတိမ်းစောင်းမခံတဲ့ လုပ်စရာကိစ္စလို့ ပြောပါတယ်။ ကမ္ဘာတဝန်း ဧပြီလက ကူးစက်မှုထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက်တွေကြောင့် ကလေး ၁ ဒသမ ၅ ဘီလီယံလောက် ကျောင်းပိတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ပညာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး ယူနက်စကိုက ပြောပါတယ်။ ကျောင်းတွေပိတ်ထားတာဟာ မညီမျှမှု ကွာဟချက်ကို ပိုကျယ်စေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ကမ္ဘာ့အချက်အလက်တွေအရ ကလေးတွေနဲ့ လူငယ်တွေကို ကူးစက်နှုန်းဟာ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းသာရှိတယ်။ ကလေးတွေမှာ ကူးစက်ခံရမှု အများစုကလည်း အားပျော့ပြီး သေဆုံးနှုန်းနည်းတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up