ရက်ပေါင်း ၇၀ ကြာ အပစ်ရပ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
DVB
·
September 2, 2020
ငြိမ်းချမ်းရေးလုပ်ငန်း၊ ကိုဗစ်ဒုတိယလှိုင်းထိန်းချုပ်နိုင်ရေးနဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေကို အထောက်အကူပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ရက်ပေါင်း ၇၀ ကြာ တစ်ဘက်သတ်အပစ်ရပ်စဲကြောင်း စက်တင်ဘာ ၁ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA အဖွဲ့တွေက အပစ်ရပ်ကြောင်း သတ္တမအကြိမ်မြောက်ထုတ်ပြန်ချက်ဖြစ်ပြီး ဒီကာလအတွင်း အစိုးရ တပ်မတော်နဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ရေးအတွက်လည်း တရုတ်နိုင်ငံအနေနဲ့ အရင်တုန်းက ကူညီခဲ့သလိုမျိုး အခုထပ်ပြီး ကူညီပေးဖို့ လိုလားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သူတို့အဖွဲ့တွေဘက်က အပစ်ရပ်ထားချိန်မှာ တပ်မတော်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက် လာမယ်ဆိုရင် မိမိကိုယ်မိမိ ခုခံတဲ့အနေနဲ့ တုံ့ပြန်ကာကွယ်မယ်လို့ဆိုပါတယ်။
အလားတူး တပ်မတော်ဘက်ကလည်း အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့အဖွဲ့အစည်းတွေရှိတဲ့ နေရာ တွေကလွဲပြီး ကျန်တဲ့နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို စက်တင်ဘာလကုန်အထိ တိုးမြှင့်ရပ်ဆိုင်းပေးထားတယ်လို့ ကြေညာထားပါတယ်။
အရင်တုန်းကလည်း နှစ်ဘက်စလုံးက အလားတူကြေညာခဲ့ဖူးပြီး ကြေညာထားတဲ့ ကြားက တိုက်ပွဲတွေကတော့ ရပ်မသွားဘဲ ဆက်လက်ဖြစ်ပွားနေတာရှိခဲ့ပါတယ်။