Home
မြန်မာသတင်း
ကိုဗစ်-၁၉ Call Center က ရခိုင်ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနေ
DVB
·
September 2, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ဖြေကြား ပေးနေတဲ့ National Covid - 19 Call Center မှာ ရခိုင်ဘာသာစကားနဲ့ပါ နားဆင်နိုင်ဖို့ ထပ်မံဝန်ဆောင်မှုပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ လတ်တလော တကျော့ပြန် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်ပြည်သူလူထုရဲ့ ကျန်းမာရေးကို ရှေးရှုပြီး ထပ်တိုးအားဖြည့်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ဘာသာစကားနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို ဖုန်းနံပါတ် 2019 သို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ကာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နောက်ဆုံးရ သတင်းအချက် အလက်တွေကို သိရှိလိုရင် 2019 ကိုဖုန်းခေါ်ဆိုနိုင်ပြီး ရခိုင်ဘာသာစကားနဲ့ နားဆင် လိုပါက နံပါတ် 2 ကိုနှိပ်ရမှာ ဖြစ်ပါတယ် အဲဒီနောက် ရောဂါလက္ခဏာတွေအကြောင်း သိရှိလိုရင်တော့ နံပါတ် 1 ကို နှိပ်ကာ နားဆင်နိုင်ပြီး ကူးစက်နိုင်တဲ့ နည်းလမ်းတွေအကြောင်း သိရှိလိုရင်တော့ နံပါတ် 2၊ ကာ ကွယ်နိုင်တဲ့ နည်းလမ်းတွေအကြောင်းသိရှိလိုရင် နံပါတ် 3၊ အသွားအလာ ကန့်သတ်ခြင်းနဲ့ မလိုက်နာပါက အရေးယူခံရမယ့် ပြစ်ဒဏ်တွေအကြောင်း သိရှိလိုရင် နံပါတ် 4၊ နောက်ဆုံးရ ကိုဗစ်-၁၉ ပိုးတွေ့သူအရေအတွက်ကို သိရှိလိုရင် နံပါတ် 5၊ ကိုနှိပ်ရမှာပါ ဆရာဝန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးလိုရင် နံပါတ် 0 ကိုနှိပ်ပြီး ခေါ်ဆိုနိုင်ကြောင်း Doctor On Call ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ကြေညာထားခဲ့ပြီး National Covid - 19 Call Center သို့ တရက်မှာ လူ ၂ သိန်းမှ ၃ သိန်းနီးပါး ဖုန်းခေါ်ဆိုမှုတွေရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ အင်တာနက်မရလို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်သူတွေမသိရှိရဘူးလို့ ပြောဆိုဝေဖန်ချက်တွေလည်း  ရှိနေပါတယ်။ အစိုးရတော့  2 G အင်တာနက်စနစ်ပြန်လည်အသုံးပြုခွင့်ပေးထားပြီး သတင်းစာ၊ ရေဒီယို  ရုပ်မြင်သံကြားလိုင်းတွေနဲ့ SMS စာတိုပေးပို့မှုတွေကနေတဆင့်  ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးနေသလို ရပ်ကွက်တွေထဲ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးတာတွေလည်းရှိနေကာ  တယ်လီဖုန်းနဲ့ပါ Call Center ဖွင့်လှစ် ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က စတင်ကာ တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ၂၆ သန်းနီးပါးရှိပြီး သေဆုံးသူ  ၈ ဒသမ ၆ သိန်းကျော်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဦးဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ ရှိလာခဲ့အပြီး ဒီကနေ့မနက် အထိ စုစုပေါင်းရောဂါကူးစက်ခံရသူ ၉၃၈ ယောက်နဲ့ သေဆုံးသူ ၆ ယောက်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024