A d v e r t i s e m e n t With Us

ထိုင်းတောင်ပိုင်းအလှမယ်ပြိုင်ပွဲ ဆန္ဒပြခံရပြီး သရဖူရသူမရှိ

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းတောင်ပိုင်း ဆုန်ခလာမြို့မှာ ကျင်းပသွားတဲ့  မစ်စ်ဆမီလာ  တောင်ပိုင်း အလှမယ်ပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတွေ ဆန္ဒပြခံရတာကြောင့်  သရဖူဆောင်းမယ့်သူကို မရွေးချယ်နိုင်ခဲ့ဘဲ အလှမယ်တွေ ဆုကြေးငွေ ခွဲဝေယူခဲ့ရပါတယ်။  ဩဂုတ်လ ၃၁ ရက်နေ့ညက ဆန်ခါတင်ရွေးပွဲမှာ  အလှမယ် ၁၀ ဦးကို ရွေးထုတ်ပြီး ဒိုင်လူကြီးက မေးတဲ့ မေးခွန်းကို ကောင်းစွာဖြေနိုင်တဲ့အပေါ် မူတည်ကာ နောက်ဆုံးအဆင့် ဆန်ကာတင် ၅ ယောက်ကို ထပ်ရွေးခဲ့ပါတယ်။ နောက်ဆုံး ၅ ‌ယောက်ကို ခေါ်ထုတ်လာတဲ့အခါ ပရိသတ်က သူတို့အားပေးတဲ့အလှမယ် ပါမလာလို့ စင်အောက်ကနေ ဝိုင်းအော်ကြပြီး အပယ်ခံရတဲ့ အလှမယ် ၅ ယောက်ကလည်း စင်ပေါ်တက်လာလို့  ပွဲဆူသွားခဲ့တာပါ။  အပယ်ခံရတဲ့ အလှမယ် ၅ ယောက်အနက် ခါးနံပါတ် ၃၂ ဖြစ်သူ နန်းဆောင်အွန်းနဖန်း နာ့ချင်းမိုင်က အစီအစဉ်ကြေညာသူရဲ့  မိုက်ခရိုဖုံးကို ဆွဲယူပြီး သူတို့ဟာ မယ်ပြိုင်ပွဲမှာ အတွေ့ အကြုံရှိသူတွေဖြစ်ကြောင်း၊ ပြိုင်ပွဲရဲ့ အနိုင်/အရှုံး/ စွန့်လွှတ်ခြင်း/ခွင့်လွှတ်ခြင်းတွေ ကောင်းစွာ သဘောပေါက်ကြောင်း၊ မေးခွန်းဖြေဆိုမှုမှာ မိမိကိုယ်အကောင်းဆုံးဖြေနိုင်တယ်လို့ စိတ်ချ ယုံကြည်ကာမှ အပယ်ခံရတဲ့ပေါ် နားမလည်ကြောင်း ၊ ရှုံးခဲ့ရင်လည်း  သိက္ခာရှိရှိ ရှုံး နိမ့်လိုတာကြောင့် ဒိုင်လူကြီးတွေရဲ့ ရွေးချယ်မှုစံနှုန်းနဲ့ သူတို့ရခဲ့တဲ့ အမှတ်တွေကို ပွင့်လင်းမြင်သာ ချပြဖို့  တောင်းဆိုကြောင်း ပြောကြားလိုက်ပါတယ်။  မပြောလို့မဆုံးခင်မှာ ပွဲကျင်းပရေးကော်မတီက မိုက်ခရိုဖုံးကို ပိတ်ချလိုက်တာကြောင့်  အဆိုပါအလှမယ်ဟာ စင်ပေါ်ကနေ ဆင်းပြီး အကဲဖြတ်ဒိုင်လူကြီးတွေရှေ့မှာ တည့်တည့်ကြီး မေးခွန်းထုတ်လိုက်ပါတယ်။  အဲဒီအခါမှာ ဒိုင်လူကြီးတစ်ယောက်က ပရိသတ်အားလုံးကို ငြိမ်သက်ပေးဖို့ မေတ္တာရပ်ခံပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း အမှတ်ပေးသွားတာဖြစ်ကြောင်း အားလုံးပြေလည်အောင် ဆောင်ရွက်သွားမယ့်အကြောင်းပြောပြီး ပြိုင်ပွဲကို ဆက်လုပ်ရာ အဆုံးမှာတော့ မည်သူမှ အလှမယ်သရဖူမဆောင်းရဘဲ ပထမဆုကြေးငွေ ဘတ် ၂ သိန်းကို အလှမယ် ၁၀ ဦးကို တစ်ဦး လျှင် ဘတ် ၂၅၀၀၀ စီ ခွဲပေးလိုက်ရပါတယ်။  ဒိုင်လူကြီးတွေက  “ကမ္ဘာကြီးက ကပ်ရောဂါတွေနဲ့ နေလို့မရတော့ဘဲ နောက်ထပ် ဂြိုဟ်တစ်ခုမှာ  ကမ္ဘာသစ်တစ်ခုထူထောင်ဖို့ အခွင့်အရေးသာရမယ်ဆိုရင် ဒါပေမဲ့ အားလုံးကို ခေါ်လို့မရဘဲ လူတစ်စုကိုပဲ ခေါ်ခွင့်ရမယ်ဆိုရင် ဘယ်အုပ်စုကို ရွေးမလဲ၊ သင်ကော ဘယ်အုပ်စုမှာပါမလဲ”လို့ မေးခဲ့ပါတယ်။ မေးခွန်းကတစ်ခုတည်းဖြစ်ပြီး အဖြေတွေကတော့ အမျိုးမျိုး ထွက်လာပါတယ်။ တချို့က ဆင်းရဲသား၊ တချို့က အကျဉ်းသား၊ တချို့က စစ်သား၊ တချို့က သိပ္ပံပညာရှင်တွေ ခေါ်မယ်   စသဖြင့် ဖြေခဲ့ကြပါတယ်။ ခါးနံပတ် ၃၂ အလှမယ် အွန်းကတော့ သူ့အနေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ရွေးချယ်ကြောင်း၊ ဘာသာအသီးသီးဟာ အယူအဆမတူ ကွဲပြားပေမယ့် ဘာသာတိုင်းဟာ မေတ္တာ၊ စေတနာ၊ သဒ္ဓါတရားတွေ အပေါ်အခြေခံပြီး  ကောင်းမွန်ရာကိုလုပ်ဖို့ သွန်သင်ကြတာကြောင့်  စည်းလုံးစွာနဲ့ အေးချမ်းသာယာတဲ့ ကမ္ဘာသစ်တစ်ရပ် တည်ထောင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ အရည်အချင်းရှိ လူသားဆိုသည်မှာ နှလုံးသားက စိတ်ရင်းစေတနာ၊ ဦးနှောက်က ဆန်းသစ်တီထွင်မှုနဲ့ ကိုယ်ကာယ စွမ်းအားတွေ‌ပေါင်းစည်းပြီး မိမိဘဝ တိုးတက်အောင် လုပ်နိုင်သူဖြစ်ကြောင်း ၊ သူမကတော့ ကမ္ဘာသစ်ထဲ ပါနိုင်မယ်မထင်ဘူးလို့ ဖြေကြားသွားပါတယ်။   သူမဖြေဆိုမှုတွေကို ပရိသတ်က သဘောကျသလို ရမှတ်မှာလည်း အပြည့် ၁၀ မှတ်ထဲက ၉ မှတ်ထိရခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဆန်ခါတင်အလှမယ် ၅ ယောက်ထဲမှာ ရမှတ်မပြည့်မီသူ တွေပါ ပါလာတာကို  ပေါက်ကြားတဲ့ အမှတ်စာရင်းထဲမှာ တွေ့ခဲ့ကြပါတယ်။  ယှဉ်ပြိုင်သူတွေထဲမှာ ဒိုင်လူကြီးအဖွဲ့က ထည့်လိုက်တဲ့ မိန်းကလေး ၄ ယောက်လည်းပါပြီး ၄ ယောက်လုံး နောက်ဆုံးဆန်ခါတင်  ၅ ယောက်ထဲ ပါလာကြောင်း၊ ဒီမတိုင်ခင်ရှေ့က   အလှမယ်လေ့ကျင့်ရေးစခန်းတခုတည်းကလာတဲ့  မိန်းကလေး ၉ ယောက်စလုံးကတော့  ပြိုင်ပွဲမစခင်ရှေ့မှာ နုတ်ထွက်သွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။  မစ်စ်ဆမီလာ အလှမယ်ပြိုင်ပွဲဟာ ထိုင်းတောင်ပိုင်းခရိုင် ၁၄ ခုရဲ့ အကြီးဆုံးအလှမယ်ပြိုင်ပွဲ ဖြစ်ပြီး တစ်နှစ် တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ်။  ဓာတ်ပုံ- Chewishis Pageantry

A d v e r t i s e m e n t With Us

More News
Up