ကျားဖောင်လုပ်ငန်းရှင်များ လုပ်ငန်းပြန်လည်စတင်နိုင်ရန် အခက်တွေ့နေ
DVB
·
September 2, 2020
ငါးဖမ်းရာသီဖွင့်လိုက်ပြီဖြစ်လို့ လုပ်ငန်းပြန်လည်စတင်တော့မယ့် မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းက ကျားဖောင်လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းပြန်လည်စတင်နိုင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
ကျားဖောင်တစ်ဖောင်ကို ငွေကျပ်သိန်း ၁၀၀ လောက်ရင်းနှီးမြှုပ်နှံရပြီး လုပ်သားတွေရဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးဖြေရှင်းပေးနေရပြီး လုပ်ငန်းစတင်နိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်ပေါ်နေတာပါ။
ကျားဖောင်လုပ်ငန်းရှင် ဦးမြင့်သန်းက ''ကိုဗစ်ချေးငွေပေးမယ်ဆိုလို့ လျှောက်လွှာတွေ တင်ထားတယ်၊တင်ထားတယ်၊ မကျသေးဘူး၊ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက် ပေး စေချင်ပါတယ်။ လုပ်ငန်းအခြေအနေအပေါ်မူတည်ပြီးတော့ ပြည့်ဝစွာ ချပေးစေလိုပါတယ်။ လုပ်ငန်းပြန်စဖို့အတွက် ချေးငွေက အရေးပါနေတယ်၊ အပြင်မှာဆို ငွေတိုးကြီးစွာနဲ့ လိုက်ချေး နေရတာ ရှိသလို ကိုဗစ်ကာလ ကြပ်တည်းကြတော့ လုပ်မယ့်လုပ်ငန်းက အောင်မြင်လား မအောင်မြင်လား အတတ်မပြောနိုင်တော့ အပြင်မှာ ငွေတိုးနဲ့ချေးရင်တောင် ချေးလို့က သိပ်အဆင်မပြေတော့ဘူး၊ နိုင်ငံတော်ကပဲ စောင့်ရှောက်ပေးဖို့လိုအပ်နေတဲ့အနေအထားပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံတော်ကချေးငွေတွေချပေးပေမယ့် ကိုဗစ်ကာလအခြေအနေမှာ ဈေးကွက်မရှိပါက လုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေဖြစ်ပေါ်လာနိုင်ပြီး ဈေးကွက်ဖော်ဆောင်ပေးဖို့ အဓိကထားကူညီပေးစေလိုကြောင်း ဒေသခံလုပ်ငန်းရှင်တွေက တိုက်တွန်းပါတယ်။
ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာနေ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက '' ချေးငွေရလည်း အဆင်ပြေပေမယ့် ငါးဈေးကွက်မရှိရင် အခက်အခဲဖြစ်မှာ၊ မလျှောက်သူတွေရှိတယ်။ စံနဲ့မညီလို့ မလုပ်နိုင်တာလည်းရှိတယ်၊ ပစ္စည်းရလာရင် ဘယ်မှာ ရောင်းရမှန်းမသိသေးဘူး။ ရာသီဖွင့်ရင် ဈေးကမရတော့ဘူး။ အဆင်မပြေနိုင်တော့ဘူး။ နားရမလား လုပ်ရမလား၊ ကြွေးပိပြီး ပိုဆိုးသွားနိုင်တယ်၊ အဓိကဈေးကွက်ပဲ ဖော်ဆောင်ပေးဖို့ တောင်းဆိုလိုပါတယ်'' လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
မွန်ပြည်နယ်ရေပိုင်နက်အတွင်း ပြီးခဲ့တဲ့နှစ်က ကမ်းဝေးငါးဖမ်း ငါးဖမ်းလှေ ၃၂၀ စီး၊ ကမ်းနီးငါးဖမ်းလှေ စုစုပေါင်း ၁၂၄၄ စီးနဲ့ ကျားဖောင် ၁၇၆ ဖောင်ရှိပြီး ဝန်ကြီးဌာနအနေနဲ့ အပြည့်အဝကူညီပေးနေတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
သတင်း- ဝင်းနိုင်သက်