ထိုင်ဝမ်နှင့်ဆက်ဆံရေး ရပ်တန့်ရန် အမေရိကန်ကို တရုတ် တိုက်တွန်း

950
ထိုင်ဝမ်နဲ့ ဆက်ဆံရေး မြှင့်တင်နေတာကို ရပ်ဖို့ အမေရိကန်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တရုတ်ရဲ့ အချုပ်အခြာအာဏာကို ခုခံဖို့ သန္နိဋ္ဌာန်ကို ဘယ်သူမှ လျှော့တွက်ဖို့ မသင့်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟွာချန်းယဉ်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ် ဆက်ဆံရေးအက်ဥပဒေ ဒါမှမဟုတ် အာမခံချက် ၆ ရပ်တို့အစား တရုတ်-အမေရိကန် ပူးတွဲ တရားဝင် သတင်းထုတ်ပြန်ချက် ၃ ရပ်ရဲ့ အချက်အလက်တွေနဲ့ တရုတ် တနိုင်ငံတည်း မူဝါဒကို အမေရိကန်ဟာ လိုက်နာသင့်တယ်လို့ ဟွာချန်းယဉ်က ပြောပါတယ်။
ထိုင်ဝမ်နဲ့ အပြန်အလှန် စီးပွားရေးဆွေးနွေးပွဲအသစ်ကို တည်ဆောက်နေတယ်လို့ အမေရိကန်က သြဂုတ် ၃၁ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်အစိုးရနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်မှန်းထားပြီး တရုတ်ပြည်မကြီး အစိုးရဆီက ဖိအားတွေ တိုးလာချိန်မှာ ထိုင်ဝမ်ကို ထောက်ပံ့နေတယ်လို့လည်း အမေရိကန်က အစောပိုင်းမှာ ပြောထားပါတယ်။
ဒါ့အပြင် အမေရိကန်သမ္မတ ရော်နယ်ရေဂင်လက်ထက်က ထိုင်ဝမ်ကို ပေးထားတဲ့ လုံခြုံရေးအာမခံချက်ကို လျှို့ဝှက်အဆင့်အတန်း လျှော့ချ သတ်မှတ်လိုက်ပြီလို့လည်း အမေရိကန် အစိုးရက ပြောပါတယ်။
ဒါဟာ ထိုင်ဝမ်အစိုးရကို ပိုထောက်ပံ့ကြောင်းပြဖို့ ရည်မှန်းပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် ဒေးဗစ်စတီးလ်ဝဲလ်ကတော့ အမေရိကန်ရဲ့ နောက်ဆုံးအကွက်ရွှေ့မှုဟာ မူဝါဒ အပြောင်းအလဲ မဟုတ်ဘဲ အမေရိကန်အစိုးရရဲ့ ကာလကြာရှည် ရပ်တည်ချက်ဖြစ်တဲ့ တရုတ် တနိုင်ငံတည်း မူဝါဒအတွင်း သိသာထင်ရှားတဲ့ ချိန်ညှိမှုအစိတ်အပိုင်း ဖြစ်တယ်လို့ conservative Heritage Foundation က တည်ခင်းတဲ့ အွန်လိုင်းဖိုရမ်မှာ ပြောခဲ့ပါတယ်။