ရုရှားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်းကျော်ရှိ

670
ရုရှားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြုလူဦးရေဟာ စက်တင်ဘာ ၁ ရက်မှာ ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ မဖြစ်မနေ လိုက်နာရမယ့် ဘေးကင်းရေး သတိပေးချက်တွေ ကျင့်သုံးရင်း ကမ္ဘာ့အကြီးဆုံးနိုင်ငံ ရုရှားနိုင်ငံမှာ ကျောင်းတွေနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေက သင်တန်းတွေကို ပြန်ဖွင့်လှစ်ခဲ့ပါတယ်။
ရုရှားဟာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယ ပြီးရင် ကမ္ဘာ့ကူးစက်ခံလူဦးရေ စတုတ္ထ အများဆုံး နိုင်ငံလို့ ဗြိတိန်အခြေစိုက် ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်က ဆိုပါတယ်။
ဒီတက္ကသိုလ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုစတာ တွေ့ပြီးကတည်းက ဗိုင်းရပ်စ်ကို ခြေရာကောက်နေတဲ့ တက္ကသိုလ်လည်း ဖြစ်ပါတယ်။
ကူးစက်ခံ လူ ၈ သိန်းကျော်က နေပြန်ကောင်းလာပြီး သေဆုံးသူ ၁၇,၀၀၀ ကျော်ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။
ရုရှားနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ ဦးရေဟာ တခြားဥရောပနိုင်ငံ အများအပြားထက် အများကြီး လျော့နည်းပါတယ်။
ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံ အတည်ပြုလူနာ ၄,၇၂၉ ယောက် ရှိတယ်လို့ အစီရင်ခံ ထားပြီး ကူးစက်ခံ သေဆုံးသူ အသစ် ၁၂၃ ယောက် ရှိတယ်လို့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းဌာနက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
သမ္မတ ဗလာဒီမီယာပူတင်ကတော့ ကျောင်းတက်နေတဲ့ ကလေးတွေနဲ့ ကျောင်းသားတွေ ဗိုင်းရပ်စ် ဘေးကင်းရေးစည်းမျဉ်းတွေကို လိုက်နာကြဖို့ ရုပ်သံမိန့်ခွန်းကနေ တနိုင်ငံလုံးကို ပြောခဲ့ပါတယ်။
မော်စကိုက ကျောင်းတွေမှာ ဆရာတွေဟာ ပါးစပ် နှာခေါင်းစည်းတွေကို မဖြစ်မနေ ဝတ်ထားရမှာ ဖြစ်ပြီး ကလေးတွေနဲ့ ဘေးကင်းတဲ့ အကွာအဝေးမှာ ရှိနေချိန်မှာ စာသင်နေချိန်မှာ စာသင်ခန်းထဲမှာ ပါးစပ်၊ နှာခေါင်းစည်းကို ဖြုတ်ထားဖို့ ခွင့်ပြုထားပါတယ်။