မော်လမြိုင်တွင် စေတနာ့ဝန်ထမ်း ၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
September 2, 2020
မွန်ပြည်နယ်၊ မော်လမြိုင်မှာ နေထိုင်သူ ၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန် ထားပါတယ်။ အဆိုပါ လူနာသစ် ၈ ဦးထဲမှာ ၄ ဦးဟာ စေတနာ့ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
စေတနာ့ဝန်ထမ်း ၄ ဦးထဲက ၂ ဦးကတော့ ကိုဗစ်လူနာ နံပါတ် ၇၇၁နဲ့ လူနာနံပါတ် ၄၈၂ တို့နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။
ကျန်စေတနာ့ ဝန်ထမ်း ၂ ဦးကတော့ သူတို့နဲ့ အတူနေထိုင်တဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ စေတနာ့ ဝန်ထမ်း ၄ ဦး ပါဝင်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ကတော့ quarantine ဝင်သွားပြီး ဖြစ်ပါတယ်။
မော်လမြိုင်က ကိုဗစ်-၁၉ ပိုးတွေ့ ကူးစက်ခံခဲ့ရတဲ့ကျန် လူနာ ၄ ဦးမှာ ရန်ကုန်မြို့နေ သင်္ဘောသားတစ်ဦးဖြစ်တဲ့ လူနာနံပါတ် ၇၇၁ နဲ့ ထိတွေ့ခဲ့တဲ့သူ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာ ၈ ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသပေးနေပြီဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်-၁၉ လူနာ နံပါတ် ၄၈၂ အပါဝင် လူနာ ၉ ဦးအထိ ရှိလာခဲ့တာပါ။