Live
Home
မြန်မာသတင်း
ဒေါပုံမြို့နယ်က ကိုဗစ်လူနာ ၂ ဦးအနက် ၁ ဦးက ဘုန်းကြီးကျောင်းတွင် နေထိုင်သူဖြစ်
ညီငယ်
·
September 2, 2020
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ ရန်ကုန်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၂ ယောက်ထဲမှာ ဒေါပုံမြို့နယ်က နှစ်ယောက်ပါပြီး  ဒီအထဲက တစ်ယောက်ဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်သူဖြစ်တယ်လို့ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ဒီဗွီဘီကို ပြောပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်၊ သဇင်နွယ်လမ်းကဖြစ်ပြီး  တစ်ယောက်က ကန်သာယာကျောင်းတိုက်မှာ နေထိုင်တာဖြစ်ကာ သူနဲ့ ထိတွေ့သူတွေကို ဆက်လက် စစ်ဆေးနေကြောင်း၊ နောက်တစ်ယောက်ကတော့ သဇင်နွယ်လမ်းကပဲဖြစ်ပြီး သူနဲ့ ပတ်သက်ပြီးလည်း ဒီမနက် ၉ နာရီခွဲအထိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဒေါပုံက ပိုးတွေ့လူနာ နှစ်ယောက်ထဲက တစ်ယောက်က စောင့်ကြည့်လူနာအဖြစ် ဆေးရုံတက်ပြရာက ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး နောက် တစ်ယောက်က Fever Clinic မှာ ပြသရာက ရောဂါပိုး တွေ့ခဲ့တာဖြစ်ကြောင်းနဲ့ သူတို့ နှစ်ယောက်လုံးက ရောဂါဘယ်က ကူးမှန်းမသိသေးပါဘူး။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းက ၁၂ ယောက်အပါအဝင် ကိုဗစ်-၁၉  အတည်ပြုလူနာသစ် ၁၉  ယောက်ထပ်တွေ့ထားတယ်လို့ သိရပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နဲ့ ဆေးသုတေသနဦးစီးဌာန (DMR)တို့က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၈၈ ခု ကို စစ်ဆေးပြီးစီးချိန် လူနာသစ်တွေထပ်တွေ့ခဲ့တာဖြစ်ပါတယ်။  ရန်ကုန်တိုင်းမှာတော့ တာမွေက ၃ ယောက်၊ ဒေါပုံက ၂ ယောက်၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သန်လျင်၊ မှော်ဘီ၊ အင်းစိန်စတဲ့မြို့နယ်တွေက ၁ ယောက်စီ၊ ကချင်ပြည်နယ် မြစ်ကြီးနားက ၂ ယောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးက ၂ ယောက်၊ မန္တလေးတိုင်း ချမ်းမြသာစည်က ၁ ယောက်၊ တနင်္သာရီတိုင်း ရေဖြူက ၁ ယောက်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးက ၁ ယောက် စုစုပေါင်း ၁၉  ယောက်တွေ့ရှိခဲ့တာပါ။ ဒီနေ့မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၉၃၈ ယောက်ရှိပြီ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024