Live
Home
မြန်မာသတင်း
ကိုဗစ်-၁၉ သံသယရှိ မြန်မာ ၃ ဦးနှင့် ကျောင်းသားအချို့ထိတွေ့ခဲ့သဖြင့် ထိုင်းစာသင်ကျောင်းပိတ်
DVB
·
September 2, 2020
ကိုဗစ်-၁၉ ရောဂါသံသယရှိ မြန်မာအမျိုးသား ၃ ယောက်နဲ့ ကျောင်းသားတချို့ ထိတွေ့ခဲ့မှုကြောင့် မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ထောင်ဖာဖွန်ခရိုင်ထဲက စာသင်ကျောင်းတကျောင်းကို ယာယီပိတ်ထားလိုက်ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ၃ တန်း၊ ၄ တန်းနဲ့ ၇ တန်းအရွယ် ကလေး ၃ ယောက်ဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၃ ယောက်နဲ့ ထိတွေ့မှုတွေ ရှိခဲ့တာကြောင့် ခုလို ပိတ်လိုက်ရတာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါ ကျောင်းမှာတော့ ကျောင်းသားကျောင်းသူ ၈၅၇ ယောက် တက်ရောက် ပညာသင်ကြားနေကြတာဖြစ်ပြီး ဆရာဆရာမ ဦးရေ ၄၅ ယောက် ရှိပါတယ်။ မြန်မာအမျိုးသား ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီး ကျောင်းသား ၃ ယောက် နေထိုင်ရာအိမ်ကို ရောက်ရှိခဲ့ကာ တည်းခိုနေထိုင်ခဲ့ကြတာပါ။ ဩဂုတ် ၃၁ ရက်နေ့မှာတော့ သူတို့ထဲက ၂ ယောက်ဟာ ဖျားနာခဲ့တာမို့ ဆေးရုံကို ပို့ဆောင်စစ်ဆေးခဲ့ချိန်မှာတော့ သာမန်ထက် ကိုယ်အပူချိန်မြင့်တက်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကိုဗစ်-၁၉ သံသယလူနာတွေအဖြစ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ သူတို့ဟာ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုအတွက်လည်း ဖမ်းဆီးအရေးယူခံရမှာဖြစ်ကာ လတ်တလောမှာတော့ ကိုဗစ်-၁၉ စစ်ဆေးမှု အဖြေကို စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့တွေနဲ့ ထိတွေ့ခဲ့တဲ့ ကျောင်းသားကလေးငယ် ၃ ယောက်ကိုတော့ နေအိမ်မှာ ၁၄ ရက် စောင့်ကြပ်ကြည့်ရှုမှုတွေ လုပ်ဆောင်နေပြီး စာသင်ကျောင်းကိုတော့ သံသယ လူနာတွေရဲ့ ကိုဗစ်-၁၉ စစ်ဆးချက်အဖြေမရခင် စက်တင်ဘာ ၁ ရက်မှ ၃ ရက်အထိ ယာယီပိတ်ထားမယ်လို့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။ ကိုးကား- Bangkok Post

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024