ဧရာဝတီတိုင်းကို တရားမဝင်ဝင်ရောက်လာသူ ၄၂ ဦးအနက် ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
September 1, 2020
ဧရာဝတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ထဲကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်လာသူ ၄၂ ဦးအနက် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု ကြပ်ပြေးမြစ်ဝမှာ သြဂုတ် ၂၇ ရက်က ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ဝင်လာတဲ့ မွတ်စလင် ၄၂ ဦးကို ဘက်ရဲဂိတ်အနီးမှာ ယီယာကွာရန်တင်းစင်တာပြုလုပ်ပြီး ကျန်းမာရေးစစ်ဆေးပေးနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြားဝေဖန်တာတွေ မြင့်တာလာပြီးနောက် သြဂုတ် ၃၁ ရက်က တိုင်းအစိုးရအဖွဲ့ရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး မီဒီယာတွေနဲ့ တွေ့ဆုံကာ ဖမ်းမိတဲ့တရားမဝင် ဝင်လာသူတွေကို ပြန်ပို့ဖို့စီစဉ်နေသလို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပေးထားတယ်လို့ တိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက "အစိုးရအဖွဲ့ကိုယ်စားဖြေမှာပါ၊ သူတို့က ရခိုင်ကနေလာတာ၊ ရခိုင်ကိုပြန်ပို့ဖို့ ခု စီစဉ်နေပါတယ်။ တိုင်းရဲ့ထွက်ပေါက်ဖြစ်တဲ့ ပုသိမ် -မုံရွာ-ရေးဦးလမ်းက အနီးဆုံး ဘက်ရဲ တိုင်းဝင်ဂိတ်ဖြစ်တဲ့ လူသူနဲ့ ဝေးတဲ့နေရာမှာ ယီယာကွာရန်တင်းစင်တာပြုလုပ်ပြီး ထားပေးထားပါတယ်"လို့ ပြောပါတယ်။
ဖမ်းမိထားသူ အားလုံးကို ကျန်းမာရေး၊ စားရေးသောက်ရေးနဲ့ လုံခြုံရေးတွေကို တိုင်းအစိုးရအဖွဲ့က တာဝန်ယူပေး ထားပြီး အားလုံးကိုတော့ ကိုဗစ်-၁၉ ရောဂါအတွက် ကျန်းမာရေးစစ်ဆေးထားတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၃၁ ရက်က ညပိုင်းကတွေ့ရှိတဲ့ ကိုဗစ်-၁၉ လူနာသစ် ၉၅ ဦးအနက် ကြံခင်းမြို့နယ်၊ ဘက်ရဲဂိတ်အနီး အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ ရခိုင်ပြည်နယ်က တရားမဝင်ဝင်လာသူတွေ အထဲက အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီးသူ့ကို ညတွင်း ဝေဘာဂီ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ကြံခင်းမြို့နယ် Quarantine Officer ဦးကျော်ကျော်ဆန်းက ပြောပါတယ်။
"ည ၁၂ ကျော်လောက်မှာ တိုင်းကျန်းမာရဲ့ အစီအစဉ်နဲ့ ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်၊ သူတို့တွေက သီးသန့်အသွားအလာကန့်သတ်စောင့်ကြည့်ထား တဲ့သူတွေဖြစ်သလို တခြားနေရာက လာတဲ့သူတွေဖြစ်လို့ နောက်ကြောင်းကိုတော့ မလိုက်တော့ဘူး" လို့ မြို့နယ်ကျန်းမာရေးမှူး ၁ ဦးကျော်ကျော်ဆန်းက ပြောပါတယ်။