အခွန်ဥပဒေသစ်ကို ပြန်လည်စဉ်းစားပေးရန်တိုက်တွန်း
စိုးမိုးအောင်
·
September 1, 2020
အခွန်ဥပဒေသစ်ဟာ အရင်ကဝင်ငွေခွန်မပေးရတဲ့ ဝင်ငွေနည်းပြည်သူတွေပါ အခွန်ပေးရတော့မှာ ဖြစ်တာကြောင့် ပြန်လည်စဉ်းစားပေးဖို့ မြန်မာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦးက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ်ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းကို သြဂုတ် ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၁၀ ဦးတက်ရောက်တဲ့အနက် ထောက်ခံသူ ၃၅၂ ဦးနဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပြည်သူတွေနဲ့ စက်မှုဇုန်ကအလုပ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်ထုတ်ခံရတာ၊ အလုပ်ချိန်လျှော့ချလို့ ဝင်ငွေကျဆင်းနေတဲ့ အချိန်မှာ အခွန်တိုးမြှင့်လိုက်တာကြောင့် အခြေခံပြည်သူလူထုတွေ အခက်အခဲတွေ ပိုဖြစ်လာနိုင် တယ်လို့ ဒေါက်တာဇော်ဦးက ပြောပါတယ်။
လက်ရှိအခွန်ပေးဆောင်ရတော့မယ့် ဝင်ငွေနည်းပြည်သူတွေဟာ အရင်က အခွန်စည်းကြပ်မှု ရဲ့ အောက်မှာရှိတာကြောင့် ဝင်ငွေခွန်မပေးရပေမယ့် လက်ရှိပြောင်းလဲလိုက်တဲ့ အခွန်ဥပဒေသစ် ကြောင့် အခွန်ပေးဆောင်ရမယ့်သဘောဖြစ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာမှာတော့ ကိုဗစ်-၁၉ စီးပွားရေးကြပ်တည်းနေတဲ့အပေါ် အခွန်နှုန်းထား လျှော့တာရှိသလို ဝင်ငွေနည်းပြည်သူတွေအတွက် အခွန်ကင်းလွတ်ခွင့်ပေးတာရှိပေမဲ့ မြန်မာနိုင်ငံ မှာ ဝင်ငွေနည်းပြည်သူတွေကို အခွန်ကောက်ခံဖို့ပြင်ဆင်နေတာဟာ တခြားနိုင်ငံတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဒေါက်တာဇော်ဦးက သုံးသပ်ထားပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာ အခွန်တိုးကောက်တာဟာ မြန်မာ့စီးပွားရေးကို ပိုမိုကြပ်တည်းစေမှာဖြစ်သလို အခွန်တိမ်းရှောင်မှုတွေဖြစ်ပေါ်လာနိုင်ပြီး တရားမဝင်ဈေးကွက်ကို တွန်းပို့သလိုဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင်တချို့ကလည်း သုံးသပ်ထားပါတယ်။
သတင်း- စိုးမိုးအောင်