တရုတ်တပ်ဖွဲ့များ အိန္ဒိယနယ်စပ်ထိန်းချုပ်ရေးမျဉ်းကို မကျော်ခဲ့ဟုဆို

တရုတ်နယ်ခြားစောင့်တပ်တွေဟာ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်းကို ဘယ်တုန်းကမှ မကျော်ခဲ့ကြဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
မြေပြင်က အခြေအနေနဲ့အညီ နှစ်နိုင်ငံအစိုးရတွေ ဆက်သွယ် လုပ်ဆောင်နေတယ်လို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျိုးလိကျန်းက မြို့တော် ပေကျင်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က တရုတ်စစ်သည်တွေဟာ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ဩဂုတ် ၃၁ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။
လတ်တလောလတွေအတွင်း တရုတ်စစ်သည်တွေ နယ်စပ်ကို ခိုးကြောင်ခိုးဝှက် ဖြတ်သန်း သွားလာခဲ့ကြတာနဲ့ ကာကွယ်ရေးအခြေခံအဆောက်အဦတွေကို ကာကွယ်မယ့် ဖွဲ့စည်းပုံကို တင်ဆက်တာလည်း တရုတ်ဘက်ကပဲ ဖြစ်တယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲပါတယ်။
တရုတ်ပြည်မကြီး အစိုးရကတော့ အိန္ဒိယတပ်တွေက ကျူးကျော်တဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုတုံ့ပြန်ပါတယ်။
ဒါဟာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဖက်စစ်သည်တွေအကြား ပဋိပက္ခတွေ ပြန်တောက်လောင်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။