RCSS ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးနိုင်
အောင်သူ
·
September 1, 2020
အစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အန်စီအေမှာ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က သူတို့ ထိမ်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အစိုးရက ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေနဲ့အညီ မဲဆွယ် စည်းရုံးနိုင်တယ်လို့ စက်တင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မဲဆွယ်စည်းရုံးကြမယ့် ပါတီတွေ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အစဉ်ပြေချောမွေ့စေဖို့ RCSS အဖွဲ့ရဲ့ ဆက်ဆံရေးရုံးတွေနဲ့ နယ်မြေ စစ်ဒေသမှူးတွေကို ကြိုတင်အကြောင်းကြားပြီး လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်တယ်လို့ RCSS အဖွဲ့က ဒုဗိုလ်မှူးကြီး အုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။
အခုလိုမဲဆွယ်ခွင့်ပြုလုပ်ပေးရတာက ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကူညီပံ့ပိုးပေးတာဖြစ်ပြီး သူတို့အဖွဲ့က ဒေသခံပြည်သူတွေအပေါ် ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာဖိအားပေး ပြောဆိုမှာမဟုတ်ဘူးလို့ဆိုပါတယ်။
အစိုးရအဖွဲ့နဲ့ RCSS အဖွဲ့အနေနဲ့ လက်ရှိအချိန်ထိ တပ်နေရာနဲ့ပတ်သတ်ပြီး တိတိကျကျသတ်မှတ်နိုင်ရေး ဆွေးနွေးအတည်ပြုထားခြင်း မရှိတဲ့အတွက်ကြောင့် သူတို့ တပ်ဖွဲ့တွေရှိနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နေရာတွေကို ဆိုလိုခြင်းဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။