အင်းစိန်မြို့နယ်က အထက်တန်းကျောင်းသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 1, 2020
သြဂုတ်လ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲမှာ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဆန်းဘူတာရုံလမ်းမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။
အဆိုပါအတည်ပြုလူနာအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာဟောင်းတွေနဲ့လည်း ထိတွေ့ထားတာမရှိဘူးလို့ ဆိုပါတယ်။
သူ့ဟာ သြဂုတ်လ ၂၉ ရက်က ဖျားနာခဲ့တာကြောင့် ဩဂုတ်လ ၃၀ ရက်နေ့မှာ ဆေးရုံတင်လိုက်ပြီး ရောဂါပိုးဓာတ်ခွဲရှာဖွေစစ်ဆေးရာကနေ ကိုဗစ်-၁၉ ကူးစက်ထားကြောင်း တွေ့ရတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန္တာဆွေက ပြောပါတယ်။
လက်ရှိမှာ အသက် ၁၄ နှစ်အရွယ်အဆိုပါ ကျောင်းသားရဲ့ အတည်ပြုလူနာအမှတ်စဉ်ကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။ သူနဲ့ထိတွေ့ဆက်စပ်သူတွေကို လက်ရှိမှာ စစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ သြဂုတ်လ ၃၁ ရက်ညနဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူအတည်ပြုလူနာစုစုပေါင်း ၁၀၀ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သတင်း - မေစု