Live
Home
မြန်မာသတင်း
“ပြည်သူတွေအပေါ် အမှန်တရား တစ်ခုပဲချပြချင်တယ်”- ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို
နော်နိုရင်း
·
September 1, 2020
ဥပဒေစည်းမျဉ်းစည်းကမ်း မူဝါဒတွေနဲ့အညီ စီမံအုပ်ချုပ်ခဲ့တဲ့အကြောင်းနဲ့  ပြည်သူတွေ အပေါ် အမှန်တရားတစ်ခုပဲ ချပြချင်တယ်လို့  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဒီဗွီဘီကို ပြောပါတယ်။  ဝန်ကြီးချုပ်အပေါ်  အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်ထားတဲ့အဆိုနဲ့ ပတ်သက်ပြီး ဒီကနေ့မနက် ကယားပြည်နယ်လွှတ်တော်မှာ  ထောက်ခံမဲအများစုနဲ့  အဆိုအောင်မြင်သွားတာနဲ့ ပတ်သက်ပြီး  ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက  တုံ့ပြန်ပြောဆိုလိုက်တာပါ။ “အမှန်တရားက ဒီမှာပဲ ခရီးမဆုံးသေးဘူးလို့ ပြောချင်ပါတယ်။ အမှန်တရားက မိန့်ခွန်းမှာ လည်း အများကြီးပြောခဲ့ပြီးပြီ ဘာလို့လဲဆိုတော့ ဥပဒေစည်းမျဉ်းစည်းကမ်းဆိုတာက မူဝါဒတွေနဲ့ စနစ်တကျစီမံအုပ်ချုပ်တာ ရှိပြီးသား။ ဒီအပေါ်မှာ ကျနော့်အနေနဲ့ အများကြီးမပြောဘူး။ ကျနော်ချပြချင်တာက ပြည်သူတွေအပေါ်မှာ အမှန်တရား တခုပဲချပြချင်တယ်။ အမှန်တရား တစ်ခုဆိုတာ ကျနော်တို့ ခရီးဆုံး ပန်းတိုင်ရောက်တာနဲ့ ပေါ်လာတာပဲ၊ အဲဒီပေါ်လာတဲ့အခါ အဲဒီရလဒ်တွေကို စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ ဒီကနေ့ ကယားပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၀ ဦးစလုံး တက်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန္ဒမဲ ပေးရာမှာ ထောက်ခံမဲ ၁၆မဲ၊  ကန့်ကွက်မဲ ၄ မဲ နဲ့ လွှတ်တော် စွပ်စဲပြစ်တင်မှု အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်မှုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ်  ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။ “တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘဏ္ဍာရေးမူဘောင်ဆိုတာ တစ်မျိုးပဲရှိတယ် နှစ်မျိုးသုံးမျိုး မရှိဘူး။ အဲဒီမူဘောင်အတိုင်း စီမံဆောင်ရွက်ထားပြီးသားဖြစ်တဲ့အတွက် အဲဒီအတိုင်းပဲ စီမံထားတယ်လို့ ကျနော်ပြောချင်တယ်။” စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှု နဲ့ ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ဖို့  ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ ကယားပြည်နယ်လွှတ်တော်ရဲ့ ဒီကနေ့ဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြအစီရင်ခံရမှာဖြစ်ပြီး နိုင်ငံတော်သမ္မတအနေနဲ့ စွပ်စွဲပြစ်တင်ခံရတဲ့ ဝန်ကြီးချုပ်ကို ရာထူးတာဝန်ကနေ ရပ်စဲရမယ်လို့ ၂၀၀၈ ဖွဲစည်းပုံမှာ ပြဋ္ဌာန်းထားပါတယ်။  အန်အယ်လ်ဒီအစိုးရသက်တမ်းအတွင်းမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တခုကနေ ပထဆုံး ဝန်ကြီးချုပ် တစ်ဦးကို ရာထူးကဖြုတ်ချဖို့  စွပ်စွဲပြစ်တင် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024