ငြိမ်းချမ်းရေးအတွက် မဲပေးကြရန် ကာဒီနယ်ချားလ်စ်မောင်ဘို တိုက်တွန်း
ပိုင်စိုး
·
September 1, 2020
ဆင်းရဲချို့တဲ့လို့ မဲမပေးတာမျိုး မဖြစ်စေဘဲ အခြေခံလူတန်းစားတွေဘဝတိုးတက်ဖို့ လုပ်ဆောင်တဲ့ပါတီကို မဲပေးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် မဲပေးကြဖို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။
ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်တယောက်အနေနဲ့ မေတ္တာရပ်ခံတာလို့ ပုပ်ရဟန်းမင်းကြီးရဲ့ အမတ် ရန်ကုန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်မောင်ဘိုက ဒီနေ့ ထုတ်ပြန်ပြောဆိုပါတယ်။
“ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးခြင်းဟာ ပြည်တွင်းပဋိပက္ခတွေနဲ့ ထိခိုက်နာကျင်နေရတဲ့ ဒီနိုင်ငံကို ကုစားဖို့အတွက် တခုတည်းသောမျှော်လင့်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး အတွက် မဲပေးကြဖို့ သင်တို့ကို ကျွန်ုပ်တိုက်တွန်းပါတယ်။ ဆင်းရဲချို့တဲ့ တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ မဲမထည့်လိုက်ရတာမျိုး အဖြစ်မခံပါနဲ့။ အခြေခံလူတန်းစားတွေရဲ့ ဘဝတိုးတက်ဖို့ လုပ်ဆောင်တဲ့ ပါတီကို မဲပေးရွေးချယ်ကြပါ” လို့ ဆိုပါတယ်။
ဆင်းရဲချို့တဲ့သူတွေဟာ အုပ်ချုပ်သူအစိုးရကိုရွေးချယ်နိုင်တဲ့အတွက် ရွေးကောက်ပွဲဟာ အရေးပါလှပြီး အသေအချာစိစစ်ရွေးချယ်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
“ကျွန်ုပ်တို့ရဲ့ သယံဇာတတွေကို မတရားလုယူ၊ ခြယ်လှယ်ခဲ့ကြပြီး ကျွန်ုပ်တို့ကို ဆင်းရဲအောင်လုပ်ခဲ့သူတွေကို မဲမပေးကြပါနဲ့။” လို့လည်း ဆိုပါတယ်။
အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သယောင်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို အသုံးချပြီး အမုန်းစကားပျံ့နှံ့အောင်လုပ်နေသူတွေဟာ ကာကွယ်စောင့်ရှောက်သူတွေမဟုတ်ဘဲ နိုင်ငံအပေါ် ခြယ်လှယ်အမြတ်ထုတ်နေကြတဲ့ လူတန်းစားနဲ့ တကျိတ်တည်း တဉာဏ်တည်း ရှိကြသူတွေဖြစ်လို့ သူတို့ကို ဖော်ထုတ်ပြီး သမိုင်းမှတ်တမ်းဆိုးနဲ့ ဖယ်ထုတ်ရလိမ့်မယ် လို့လည်း ပြောပါတယ်။
“မဲပေးတာဟာ မွေးရာပါအခွင့်အရေးဖြစ်ပါတယ်။ ပိုပြီးစုံလင်အောင်ပြောရမယ်ဆိုရင် အခွင့်အရေးသက်သက်သာမဟုတ်ဘဲ မွန်မြတ်တဲ့ တာဝန်လည်းဖြစ်ပါတယ်။ ဒီမိုကရေစီခရီးလမ်းမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုပါ။ ဒါကြောင့် မဲစာရင်းမှာ ကိုယ့်နာမည် ပါ၊ မပါ စစ်ဆေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံကို အရောက်သွားပြီး မဲပေးကြဖို့ ကျွန်ုပ် တိုက်တွန်းလိုပါတယ်။ ပြည်သူပြည်သားတွေ တက်တက်ကြွကြွပါဝင်ခြင်းဟာ ဒီမိုကရေစီလမ်းစဉ်မှာ အရမ်းကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်”
တိုင်းပြည်အပေါ် စေတနာမထားတဲ့သူတော်တော်များများဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်လို့ သူတို့တွေ ဘယ်သူတွေဆိုတာ သိအောင်လုပ်ကြပြီး ဒီမိုကရေစီအစိုးရထဲမှာ နေရာမပေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဉာဏ်ပညာပြည့်ဝတဲ့ ခေါင်းဆောင်တွေအများကြီး လိုအပ်နေပြီး ပြည်သူကို အလုပ်အကျွေးပြုလိုတဲ့၊ ရိုးသားဖြောင့်မတ်တဲ့၊ တာဝန်ယူတာဝန်ခံတဲ့သူတွေ ဖြစ်ဖို့လိုတယ်လို့လည်း ချားလ်စ်မောင်ဘိုက ပြောပါတယ်။