အရွယ်မရောက်သေးသူများ အဓမ္မကျင့်မခံရရေး လိုက်လံနှိုးဆော်
DVB
·
June 19, 2013
ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိန်းမှုတွေအနက် တ၀က်လောက်ဟာ အရွယ် မရောက်သေးသူတွေ အဓမ္မ ကျူးလွန်ခံရတာ ဖြစ်တဲ့အတွက် ဒါကို ကာကွယ်ဖို့ အသိပေး နှိုးဆော်မှုတွေ လုပ်နေကြောင်း မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက်ဈေး မာဃလမ်း နေထိုင်သူ တဦးက ဒီဗွီဘီ ကို ပြောပါတယ်။
ရပ်ကွက်လူကြီးတွေအပါအ၀င် တာဝန်ရှိသူတွေက ကားတွေနဲ့ စပီကာတွေ အသုံးပြုပြီး ယခုအချိန်တွင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အဓမ္မ ပြုကျင့်မှုများ အရင်ကထက် များနေကြောင်း၊ မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကလေးငယ်တွေကို နေအိမ်တွေမှာ တယောက်တည်း မထားခဲ့ရန်၊ ကလေးဆော့ကစားနေရင်လည်း မျက်လုံးဒေါင်ထောက် ကြည့်နေရန်၊ ယုံကြည် စိတ်ချတယ်ဆိုပြီး တယောက်ယောက်နဲ့ အပ်မထားရန်စသဖြင့် ပညာပေး လှုံ့ဆော်နေတယ်လို့ ပြောပါတယ်။
အခုလို သတိပေး လှုံ့ဆော်မှုမျိုးကို တာမွေ၊ အင်းစိန်နဲ့ မြို့နယ် တချို့မှာလည်း ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပြပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ ဇန်န၀ါရီကနေ မေလအထိ ၅ လ အတွင်း မုဒိန်းမှု ၆၁ မှုဖြစ်ပွားခဲ့ပြီး တ၀က်နီးပါး ဖြစ်တဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးသူတွေကို အတင်းအဓမ္မမှု ကျူးလွန်ခံရတာ ဖြစ်ပါတယ်။