စစ်တွေတွင် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ခြေရှိသူများကို ကျပန်းစစ်ဆေးမည်
ပိုင်စိုး
·
August 31, 2020
စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့တဲ့အတိုင်းအတာနဲ့ ပုံသဏ္ဌာန်တို့ကို သိနိုင်ဖို့အတွက် ရောဂါကူးစက်ခံရနိုင်ခြေများသူတွေကို ကျပန်းရွေးပြီးစစ်ဆေးဖို့ စီစဉ်နေပါတယ်။
မနေ့က ကျန်းမာရေးပြည်ထောင်စုဝန်ကြီးပါဝင်တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြဖြစ်ပြီး ဝန်ကြီးဌာနကို လှူဒါန်းထားသော Rapid Test Kit အခုရေ ၁,၀၀၀ နဲ့ IgG နဲ့ IgM ရှိ၊ မရှိကို စစ်ဆေးရန်ဖို့၊ အဲဒီစစ်ဆေးချက်မှာ Test positive ဖြစ်သူတွေကို PCR စက်နဲ့ ဆက်လက်စစ်ဆေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ စစ်တွေမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ တခြားထိတွေ့ခဲ့သူတွေ အရေအတွက်များ လာတာကြောင့် သတ်မှတ်နေရာမှာ အသွားအလာကန့်သတ်ဖို့ လုံလောက်တဲ့နေရာ၊ အဆောက်အဦ၊ ရေ၊ အိမ်သာရရှိရေးနဲ့ ကျွေးမွေးရေး၊ စီမံခန့်ခွဲရေးတွေ ခက်ခဲလာတဲ့အကြောင်းနဲ့ နေရာသစ်တွေ ထပ်ရှာဖို့ လိုနေတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ကျန်းမာရေးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက “Rapid Test Kit နဲ့ စစ်တာကို ဒီရက်ပိုင်းမှာပဲ စမှာပါ။ တတ်နိုင်သမျှ အမြန်ဆုံးစစ်မယ်။ မူဝါဒ တခုခုအပြောင်းအလဲ လုပ်ဖို့ဆိုတာ တိကျတဲ့ သက်သေပြဖို့လိုပါတယ်။ ဒါကြောင့် ဒီကရတဲ့အဖြေတွေပေါ်မူတည်ပြီးမှ ဆက်ပြီး ဆုံးဖြတ်ကြရမှာပါ” လို့ ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတယောက်တွေ့ခဲ့ရင် တခြားမိသားစုတွေကို (facility quarantine) ကို မပို့ဘဲ နေအိမ်မှာပဲ တင်းတင်းကြပ်ကြပ် အသွားအလာ ကန့်သတ်တာ (strict home quarantine) ကို လုပ်သင့် မလုပ်သင့်ကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ပြီးတော့ စစ်တွေတက္ကသိုလ်မှာ ယာယီဆေးရုံထပ်လုပ်ပြီး ကိုဗစ်-၁၉ လူနာတွေ ထားဖို့ စီစဉ်နေတာ၊ လိုအပ်ရင် ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အအုံကိုလည်း ယာယီဆေးရုံ အဖြစ်သုံးဖို့ လျာထားတဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။