အစ္စရေးစစ်သားများကိုသတ်ရန် အချိန်သိပ်မကျန်တော့ဟု ဟဇ်ဘိုလာခေါင်းဆောင် သတိပေး

ဆီးရီးယားနိုင်ငံထဲက ဟဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေ သေဆုံးမှုအတွက် လက်စားချေဖို့ အစ္စရေးစစ်သားတွေကိုသတ်ဖို့ အချိန်နည်းနည်းပဲ ကျန်တော့တယ်လို့ ဟဇ်ဘိုလာ ခေါင်းဆောင် ဆေးယတ်ဟတ်ဆန်နတ်စ်ရာလာက သြဂုတ် ၃၀ ရက်မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ဟာ ၂၀၀၆ ခုနှစ်မှာ စစ်ပွဲဖြစ်ခဲ့ဖူးတာပါ။ ဇူလိုင်လတုန်းက ဆီးရီးယားနိုင်ငံတွင်း အစ္စရေးက ဆောင်ရွက်ခဲ့ပုံရတဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟဇ်ဘိုလာ တယောက် သေဆုံးတယ်လို့ ရှီးယိုက်မွတ်စလင်လှုပ်ရှားမှုအဖွဲ့က ပြောအပြီး အစ္စရေး-လက်ဘနွန်နယ်စပ်မှာ တင်းမာမှု တိုးခဲ့ပါတယ်။ “အစ္စရေး သိဖို့လိုတာက သူတို့က ကျနော်တို့ မူဂျာဟစ်တယောက်ကို သတ်ရင် ကျနော်တို့ ကလည်း အစ္စရေးစစ်သား တယောက်ကို သတ်မယ်။ ဒါ ညီတူညီမျှပဲ” လို့ နတ်စ်ရာလာက ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။ ဒါ့အပြင် “ကျနော်တို့က လူသိရှင်ကြား စွမ်းဆောင်ဖို့ နည်းလမ်းရှာမှာ မဟုတ်ဘူးဆိုတာ သူတို့ သိတယ်။ ကျနော်တို့က သတ်ဖို့ စစ်သားတွေကို ရှာပြီး ကြွက်လို ပုန်းနေအောင် လုပ်မှာ” လို့ လည်း သူက ဆက်ပြောပါတယ်။ ဟဇ်ဘိုလာတွေဟာ ကိုယ့်အာဇာနည်တွေရဲ့ သွေးတွေကို အလဟဿဖြစ်စေမယ့် ပဋိပက္ခတွေနဲ့ ဘက်စုံထည့်တွက်ရမယ့် ပြဿနာတွေကို အစဆွဲမှာ မဟုတ်ဘူးလို့လည်း နတ်စ်ရာလာက ပြောပါတယ်။ ၂၀၁၉ မှာ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်မြို့တွင်းမှာ ဟဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ဝင် ၂ ယောက် အသတ်ခံရအပြီး နောက်ထပ် အစ္စရေးက ဟဇ်ဘိုလာတွေကို ဆီးရီးယား မြေပေါ်မှာ သတ်ခဲ့ရင် တုံ့ပြန်မယ်လို့ နတ်စ်ရာလာက ကတိပြုထားပါတယ်။ အရိပ်စစ်ပွဲဟာ စစ်ပြုမှု အကြီးအကျယ် တိုးမလာဘဲ ဒေသတွင်း အီရန်ရဲ့ စစ်အင်အားကို လှိုက်စားခဲ့ပြီးပြီလို့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေက ပြောပြီး အမေရိကန်အစိုးရကလည်း အတည်ပြုထားပါတယ်။ လတ်တလောလတွေမှာ အစ္စရေးဟာ ဆီးရီးယားနိုင်ငံအတွင်း အလားတူ တိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up