Homeမြန်မာသတင်း
မြရည်နန္ဒာတိုက်ခန်းများ အာမခံကြေး သိန်း ၃၀ ဖြင့် မဲနှိုက်နေရာချ၊ ပွဲစားကတဆင့် မဝယ်ရန် တိုက်တွန်း
မြရည်နန္ဒာတိုက်ခန်းများ အာမခံကြေး သိန်း ၃၀ ဖြင့် မဲနှိုက်နေရာချ၊ ပွဲစားကတဆင့် မဝယ်ရန် တိုက်တွန်း
DVB
·
August 30, 2020
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်က တန်ဖိုးမျှတ တိုက်ခန်းတွေကို မဲနှိုက် နေရာချထားပေးရာမှာ အာမခံကြေး ကျပ်သိန်း ၃၀ အထိ ပေးသွင်းစေခဲ့တယ်လို့ မန္တလေးတိုင်း စည်ပင်ကနေ သိရပါတယ်။
အရင်က တိုက်ခန်းမဲပေါက်သူတွေအနေနဲ့ အာမခံကြေးနှုန်းထား အနည်းငယ်သာ ပေးသွင်းရတာကြောင့် နေရာမကြိုက်တဲ့ တိုက်ခန်းတွေကို ဆက်လက်မဝယ်ယူတော့တာတွေ ရှိခဲ့တာကြောင့် အခု စတုတ္ထအကြိမ်မှာတော့ ကျပ်သိန်း ၃၀ အထိ အာမခံကြေး ပေးသွင်းစေခဲ့တာလို့ ဆိုပါတယ်။
စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “မဲမနှိုက်ခင်မှာ ကျနော်တို့ အာမခံငွေအနေနဲ့ ဒီတပတ်မှာ ကျပ်သိန်း ၃၀ ကြိုတင်ပြီးတော့ ပေးသွင်းစေပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အရင်တုန်းက တချို့က လွယ်လွယ်ပြောရရင်တော့ စော်ကားတာတော့ မဟုတ်ပါဘူး။ ကံဆိုး ကံကောင်း ဝင်ပြီးကံစမ်းတဲ့သဘောမျိုးနဲ့ နှိုက်တယ်။ နှိုက်ပြီးတော့ သူတို့ သိပ်ပြီးတော့ သဘောမကျဘူးဆိုတဲ့ အခန်းမျိုးရတယ်ဆိုရင်။ ဆိုလိုတာက အပေါ်ထပ်တွေဆိုရင် နည်းနည်း အကြိုက်နည်းတာပေါ့။ မြေညီထပ်ဆိုရင်တော့ ပိုအကြိုက်များတာပေါ့။ အဲဒါဆိုရင် တစ်ခါ မယူတော့ဘဲနဲ့ နေတယ်။ အဲဒါမျိုးလေးတွေ လုပ်တာမျိုး မဖြစ်စေဖို့အတွက် တကယ် နေတဲ့လူတွေပဲ ရဖို့အတွက် ကျနော်တို့ သိန်း ၃၀ ကြိုတင်သွင်းရပါတယ်။ အဲဒီကြိုတင်ငွေကို တိုက်ခန်းတန်ဖိုးထဲမှာ ကျနော်တို့ ထည့်ပြီးတော့ ခုနှိမ်ပေးပါတယ်။ ဒါကြောင့်မို့လို့ ခုတစ်ပတ်မှာ ဆိုလို့ရှိရင်တော့ တကယ် နေထိုင်တဲ့သူတွေပဲ လျှောက်ထားပြီးတော့မှ မဲနှိုက်ကြတာ။ နောက်တစ်ခါ ငွေသွင်းကြတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။
တိုက်ခန်းတွေကို ဝယ်ယူရာမှာ ကိုယ်တိုင်ဝယ်ယူကြဖို့နဲ့ သတ်မှတ်စည်းကမ်းအရ မလိုက်နာရင် တိုက်ခန်းပြန်သိမ်းမှာ ဖြစ်တာကြောင့် ပွဲစားကတဆင့် ဝယ်ယူတာမျိုး မလုပ်ကြဖို့ကိုလည်း စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က တိုက်တွန်းထားပါတယ်။
“ကျနော် အကြံပြုချင်တာကတော့ အဲဒီလိုပွဲစားတွေနဲ့ ပတ်သက်ပြီးတော့မှ ယုံယုံကြည်ကြည်နဲ့ သွားလုပ်ရင် အခက်အခဲဖြစ်နိုင်ပါတယ်။ သိပ်မကြာသေးဘူး။ ဇူလိုင်လလောက်တုန်းက တစ်ခုဖြစ်ဖူးပါတယ်။ ပွဲစားတွေက ကျနော်တို့ ဆောက်ထားတဲ့ တိုက်ခန်းတွေကို တခြားလူတွေကို လိမ်ညာပြီးတော့မှ အခန်းထဲမှာ လွယ်လွယ်ပြောရရင်တော့ အငှားထည့်ထားတယ်ပေါ့။ အဲဒါမျိုးလုပ်တာမျိုး ရှိပါတယ်။ အဲဒီလိုလုပ်တဲ့ ပွဲစားကိုလည်း ပုဒ်မ ၆(၁) နဲ့ အရေးယူထားပါတယ်။ နောက်တစ်ခါ အဲဒီလို ဝင်ပြီးတော့ နေမိတဲ့လူတွေဆိုရင်လည်း သူတို့ကို တိုက်ခန်းကို ပြန်ပြီးပေးရတာအပါအဝင် သူတို့မှာ နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။
အဆိုပါ အိမ်ခန်းတွေကို ၂၀၁၈ ဩဂုတ်လက စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး ၂၀၁၉ ဇူလိုင်လမှာ ဒုတိယအကြိမ်၊ ၂၀၂၀ ဇွန်လမှာ တတိယအကြိမ်နဲ့ ၂၀၂၀ ဩဂုတ်မှာ စတုတ္ထအကြိမ်မြောက် ရောင်းချပေးတာ ဖြစ်ပါတယ်။
ဒီတိုက်ခန်းတွေကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ နိုင်ငံ့ဝန်ထမ်းနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေး ရောင်းချပေးခဲ့ပြီး တတိယနဲ့ စတုတ္ထအကြိမ်မှာတော့ ကုမ္ပဏီဝန်ထမ်းနဲ့ ပုဂ္ဂလိကပြည်သူလူထုကိုပါ ဝယ်ယူခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
လေးကြိမ်ရောင်းချပေးခဲ့ရာမှာ တိုက်ခန်းပေါင်း ၂၁၀၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။
အဆိုပါ အိမ်ခန်းတွေကို လျှောက်ထားတဲ့ အရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ရောင်းချပေးသွားမှာဖြစ်ပြီး သတ်မှတ်စည်းကမ်းနဲ့ညီသူတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ငင်း ငွေချေစနစ်အပြင် ဘဏ်ချေးငွေနဲ့လည်း အရစ်ကျ ဝယ်ယူနိုင်တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆောက်လုပ်ဆဲ အဆောက်အအုံတွေရှိနေပြီး ဆက်လက်ရောင်းချပေးဦးမယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း