Homeမြန်မာသတင်း
ကိုဗစ်ကာလ ရွေးကောက်ပွဲအတွက် ကော်မရှင်က တွေ့ဆုံညှိနှိုင်းမှုများလုပ်ပေးရန် ပါတီများ တောင်းဆို
ကိုဗစ်ကာလ ရွေးကောက်ပွဲအတွက် ကော်မရှင်က တွေ့ဆုံညှိနှိုင်းမှုများလုပ်ပေးရန် ပါတီများ တောင်းဆို
DVB
·
August 30, 2020
ကိုဗစ်-၁၉ ကာလမှာ ဆောင်ရွက်မယ့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အတွက် ကော်မရှင်အနေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံရေးပါတီတွေက တောင်းဆိုလိုက်ပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီအတွက် မဲစာရင်း ထုတ်ပြန်ကြေညာတာတွေနဲ့ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုတွေကို လက်ခံခဲ့ထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ကော်မရှင်အနေနဲ့ ကိုဗစ်ကာလမှာ ဆောင်ရွက်မယ့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အတွက် တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံရေးပါတီတွေကို တောင်းဆိုလိုက်တာလို့ မွန်ညီညွှတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။
အခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေကို ပါတီစည်းရုံးခွင့် ပေးအပ်ထားတာပါ။ ဒါပေမယ့် အာဏာရပါတီက ပါတီစည်းရုံးရေး ကာလမှာ မဲဆွယ်တာတွေ လုပ်ဆောင်နေတဲ့အပေါ် ကော်မရှင်အနေနဲ့ အရေးယူမှု ပျက်ကွက်နေတယ်လို့ မွန်ညီညွှတ်ရေးပါတီက ပြောပါတယ်။
ကော်မရှင်အနေနဲ့ မဲဆွယ်စည်းရုံးဆိုင်ရာ လုပ်ငန်းစဉ်အတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ လိုအပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောပါတယ်။
ဒါအပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမှု အားနည်းနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ လာမယ့်ရွေးကောက်ပွဲအတွက် တသီးပုဂ္ဂလကိုယ်စားလှယ် အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုက ကိုယ်စားလှယ်လောင်း ၃၀၃ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။
ဇော်လွင်ထွဋ်