ချင်းတွင်းမြစ်အတွင်း ရေယာဉ်အားလုံး ပြန်လည်ပြေးဆွဲခွင့်ပြု
DVB
·
August 30, 2020
ချင်းတွင်းမြစ်အထက်ပိုင်းမှာ ပြေးဆွဲနေတဲ့ရေယာဉ်တွေကို ဩဂုတ် ၂၉ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပါတယ်။
ရေယာဉ်တွေကို မြစ်ရေအခြေနေပေါ် မူတည်ပြီး ပြေးဆွဲခွင့်ပိတ်ထားရာမှာ လက်ရှိမှာ ချင်းတွင်းမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်တဲ့အတွက် ပြေးဆွဲခွင့်ပေးလိုက်တာလို့ မုံရွာမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
“မြစ်ရေက ကျဆင်းသွားပြီဖြစ်တဲ့အတွက် ပြန်လည်ပြေးဆွဲခွင့်ပေးတာပါ။ လက်ရှိမှာတော့ ရေအခြေနေက စိုးရိမ်စရာ အနေအထားတော့ မရှိတော့ပါဘူး။”
ချင်းတွင်းမြစ်ရေ ကျဆင်းသွားတဲ့အတွက် ကုန်တင်ရေယာဉ်တွေကို ဩဂုတ် ၂၈ ရက်နေ့နဲ့ ခရီးသည်ရေယာဉ်တွေကို ဩဂုတ် ၂၉ ရက်နေ့တွေမှာ ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်တာပါ။
မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်မှတ်ဟာ ၁၀၀၀ စင်တီမီတာရှိပြီး ရေအမှတ် ၉၈၀ စင်တီမီတာကို ရောက်ရှိလာပါက ချင်းတွင်းမြစ်ကြောင်းပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ရပ်နားထားဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာကြောင့် ဩဂုတ် ၂၁ ရက်နေ့ကစပြီး ရပ်နားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ ဩဂုတ်လ ၂၉ ရက်နေ့မှာ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်ရေဟာ ၉၄၉ စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့ပါတယ်။
ချင်းတွင်းမြစ်ကြောင်းမှာ ခရီးသည်တင်ရေယာဉ် ၄၆ သင်း၊ အစီးရေ ၃၄၆ စီးနဲ့ ကုန်တင်ရေယာဉ် ၁၉ သင်း၊ အစီးရေ ၆၀၄ စီးတို့ ပြေးဆွဲနေပါတယ်။
ရန်နိုင်စိုး