Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားပေါင်းစုံ တိုက်တွန်း
DVB
·
June 18, 2013
ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကရင်ပြည်နယ် ဆုံစည်းမြိုင်မှာ ဇွန် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်သွားတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကနေ အချက် ၈ ချက်ပါ ကြေညာချက်တစောင်ကို ထုတ်ပြန်လိုက်တာပါ။ ဒီကြေညာချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီရေး လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စရပ်တွေကို မဖြရှင်းနိုင်တဲ့အတွက် ပြန်လည် ပြင်ဆင်သင့်တယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က “ဒီအနာဂတ်ပြည်ထောင်စုအတွက်ကို သဘောတူညီချက်တွေ ရေးဆွဲ ချမှတ်ထားတဲ့ဟာတွေ ရှိတယ်။ တော်လှန်ရေးနယ်မြေကလည်း ရေးဆွဲထားတာတွေ ရှိတယ်။ အခု တဖွဲ့ချင်း တဖွဲ့ချင်းနဲ့ ဟိုးအရင်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံလိုဟာမျိုးတွေလည်း ရှိတယ်။ ထိုနည်းလည်းကောင်းပဲ ဒီနေ့ ၂၀၀၈ ဖွဲ့စည်းပုံလည်း ရှိတယ်။ အဲဒီဖွဲ့စည်းပုံတွေ အားလုံးထဲမှာမှ အကောင်းဆုံးတခုကို ပြန်ပြီးဆွဲဖို့ပဲ။ အဲလိုဆွဲဖို့အတွက်ကို စည်းရုံးမယ်၊ လှုံ့ဆော်မယ်။ ကျနော်တို့ အဲဒီရေးဆွဲမယ့် ဖွဲ့စည်းပုံကလည်း ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့ဆိုတဲ့ အရွေ့ကို ကျနော်တို့က သွားနေတာပဲ။” ဒါ့အပြင် စစ်မှန်တဲ့ဖက်ဒရယ်စနစ် ပေါ်ပေါက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တမျိုးသားလုံးပါဝင်တဲ့ ညီလာခံတခု ခေါ်ယူဖို့၊ အထွေထွေလွတ်ငြိမ်းချမ်းသာပေးဖို့၊ အပစ်အခတ်ရပ်စဲမှုတွေကို နိုင်ငံတကာစံချိန်စံညွှန်နဲ့ အညီလုပ်ဆောင်ဖို့၊ အပစ်အခတ်ရပ်အဖွဲ့တွေနဲ့ သဘောတူညီချက်တွေကို တိကျစွာလိုက်နာဖို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ ဘ၀အခက်အခဲတွေကို ကူညီဖြေရှင်းပေးကြဖို့၊ တက်ရောက်လာတဲ့ အဖွဲ့အစည်းအားလုံး တူညီတဲ့လုပ်ငန်းတွေမှာ လက်တွဲ အကောင်အထည်ဖော်ကြဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးပဏ္ဍိတ်ထွန်းက “ပအိုဝ်းလာတယ်။ ပလောင်လာတယ်။ ၀လာတယ်။ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးတိုင်းဂါး လာတယ်။ ကျနော်တို့ ပြည်တွင်းကဆိုရင် ကျနော် ၈၈ ကိုယ်စားပြုပြီး လာတယ်။ နိုင်ငံရေးအကျဉ်းသားများ အဖွဲ့ချုပ်က လာတယ်။ စာရေးဆရာများသမဂ္ဂက လာတယ်။ အဲတော့ အနိမ့်ဆုံးအဆင့် သူတို့နဲ့ ကျနော်တို့ရင်းနှီးမှုရမယ်။  ယုံကြည်မှုရမယ်။ ထိတွေ့မှုတွေရမယ်။ ရှေ့ဆက်ပြီး ဘာလုပ်နိုင်မလဲဆိုတာကို ကျနော်တို့ စဉ်းစားနိုင်မယ်ဗျာ။ ဒါက အနိမ့်ဆုံးအစပါ။ ကျနော်တို့အားလုံးလည်း သိပြီးသားပါ” လို့ ပြောပါတယ်။ ဒီတိုင်းရင်းသားပေါင်းစုံ  နှီးနှောဖလှယ်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအ၀င် နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့ပေါင်း ၃၀ က ကိုယ်စားလှယ် ၈၄ ယောက် တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024