Home
မြန်မာသတင်း
ချင်းတွင်းတံတားစီမံကိန်းအတွင်း နစ်နာခဲ့သည့် လယ်ယာမြေလျော်ကြေးကို ခွင့်ပြုရန်ပုံငွေရလျှင် ပေးလျော်မည်
DVB
·
August 29, 2020
ချင်းတွင်းတံတားစီမံကိန်းအတွင်းမှာ ပါဝင်ခဲ့ပြီး နစ်နာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကန်ချောင်အုပ်စု၊ လက်ခုပ်ပင်ကျေးရွာက လယ်ယာမြေလျော်ကြေးငွေကို ခွင့်ပြုရန်ပုံငွေရရှိပါက ပေးလျော်သွားမယ်လို့ စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ ဩဂုတ် ၂၇ ရက်နေ့က ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့မှာ ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ချင်းတွင်းတံတားစီမံကိန်းအတွင်း ပါဝင်သွားတဲ့ နစ်နာသူ မူလမြေပိုင်ရှင်တွေကို လယ်ယာမြေ လျော်ကြေးငွေ၊ သို့မဟုတ် အစားထိုးလယ်ယာမြေပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာမှာ ဝန်ကြီးက ပြောကြားသွားတာပါ။ “ဈေးနှုန်းအတည်ပြုချက်နဲ့ အထက်အဆင့်ဆင့်မှ ခွင့်ပြုချက်ရရှိပါက တံတားဦးစီးဌာန၊ တံတားအထူးအဖွင့် (၂) ရဲ့ အနီးစပ်ဆုံး ရန်ပုံငွေစာရင်းမှာ ထည့်သွင်းလျာထားမည်ဖြစ်ကြောင်းနဲ့ ခွင့်ပြုရန်ပုံငွေရရှိပါက ပေးလျော်သွားနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ယင်းမာပင်မြို့နယ် လက်ခုပ်ပင်ကျေးရွာက တင်ပြလာတဲ့ လယ်ယာမြေဧက ၄.၀၄ ဧကဟာ ယင်းမာပင်ခရိုင် လယ်ယာမြေစိစစ်ရေးကော်မတီရဲ့ တွက်ချက်တင်ပြမှုအရ မြေ ၁ ဧကကို သိန်း ၁၂၀ နှုန်းနဲ့ စုစုပေါင်း လယ်ယာလျော်ကြေးငွေ ၄၈၄ ဒသမ ၈ သိန်း ပေးလျော်ရမှာဖြစ်ပြီး စစ်ကိုင်းတိုင်းလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီထံ တင်ပြထားတယ်လို့ သိရပါတယ်။ ချင်းတွင်းတံတားစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၀၀-၂၀၀၁ ခုနှစ်က ဆောင်ရွက်ခဲ့တာဖြစ်ပြီး တံတားစီမံကိန်းပြီးစီးချိန်မှာ ကံချောင်အုပ်စု၊ လက်ခုပ်ပင်ကျေးရွာကို တံတားစီမံကိန်းထဲမှာ ပါရှိတယ်ဆိုကာ ရွာသစ်တည်ပြီး ပြောင်းရွှေ့ခဲ့ရာက လယ်ယာမြေများ ၄ ဒသမ ၀၄ ဧကမှာ မြေကွက်ရိုက်ချထားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024