နှစ် ၆၀ ခန့်က ကမ္ဘာ့အကြီးဆုံးနျူကလီးယားပေါက်ကွဲမှု ထိပ်တန်းလျှို့ဝှက်ဗွီဒီယို ရုရှားထုတ်ပြန်

1.9K
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ နီးပါးက ဇာဘွမ်ဘာလို့ ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး နျူကလီးယား ပေါက်ကွဲမှု ထိပ်တန်းလျှို့ဝှက်ဗွီဒီယိုဖိုင်ကို ရုရှားအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
၁၉၆၁ အောက်တိုဘာလက သမားရိုးကျ ဖောက်ခွဲရေးပစ္စည်းတန်ချိန် သန်း ၅၀ ကို သယ်ဆောင်ထားတဲ့ ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲခဲ့တာပါ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို အာတိတ်စက်ဝိုင်းအထက် ဝေးလံလှတဲ့ နိုဗာယာဇမ်ယာ ကျွန်းစုအပေါ် မီတာ ၄၀၀၀ မှာ လုပ်ခဲ့တာဖြစ်ပါတယ်။
ဗွီဒီယိုထဲမှာ ကြီးမားတဲ့ မီးလုံးကြီးနဲ့ပေါက်ကွဲမှုကြောင့် ကောင်းကင်တခွင်လုံး ထိန်လင်းသွားပြီးနောက် ကီလိုမီတာ ၆၀ မြင့်မားတဲ့ မှိုပွင့်သဏ္ဌာန်တိမ်တောင်ကြီး ဖြစ်သွားခဲ့ပါတယ်။
ဒီမြင်ကွင်းတွေကတော့ မြေပြင်နဲ့ ဆိုဗီယက်လေယာဉ် နှစ်စင်းမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးခဲ့တာပါ။
ဗွီဒီယိုထဲမှာ နောက်ခံပြောသူက အားပြင်းလွန်းတဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် ဆိုဗီယက်ယူနီယံဟာ မက်ဂါတန် ၅၀၊ မက်ဂါတန် ၁၀၀ နဲ့ အထက်ရှိတဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီဆိုတာကို အတည်ပြုလိုက်တာပဲလို့ ပရိသတ်တွေကို ပြောဆိုခဲ့ပါတယ်။
ဆိုဗီယက်ရဲ့ ဇာဘွမ်ဘာစမ်းသပ်မှုဟာ ၁၉၅၄ ခုနှစ်က ဘီကီနီအက်တောကျွန်းမှာ အမေရိကန်တို့ စမ်းသပ်ဖောက်ခွဲခဲ့တဲ့ ၁၅ မက်ဂါတန် ကတ်ဆယ်ဘရာဗိုဟိုက်ဒရိုဂျင်ဗုံးထက် များစွာ သာလွန်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။