Home
မြန်မာသတင်း
ကလေးခရိုင်ရဲစခန်းကို နေပြည်တော်ဌာနချုပ်ရဲက ရှောင်တခင်စစ်ဆေး
အေးနိုင်
·
June 18, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရဲတပ်ဖွဲ့နဲ့ ကလေးမြို့နယ်ရဲတပ်ဖွဲ့ကို နေပြည်တော် ဌာနချုပ်ရဲတပ်ဖွဲ့က ရှောင်တခင် ၀င်ရောက်စီးနင်း စစ်ဆေးမေးမြန်းနေပါတယ်။ ကလေးမြို့နယ် ရဲစခန်းနဲ့ နီးစပ်သူတဦးက “စနေနေ့က နေပြည်တော်ကနေ လေယာဉ်သီးသန်း အထူးလေယာဉ်နဲ့ လာတယ်။ ဆင်းတာနဲ့ တပြိုင်နက် ၀စ်သောက်ကား (လိုင်စင်မဲ့ကား)တွေ အရင်ဖမ်း၊ ရဲတွေလည်း အကုန်လုံး စစ်ဆေးခံနေရတယ်” လို့ ပြောပါတယ်။ စနေနေ့က စစ်ဆင်ရေးမှာ လေကြောင်းလမ်းကလာသူတွေနဲ့ အချိန်ကိုက် ကုန်းလမ်းကလည်းကားတွေနဲ့ တချိန်တည်းတပြိုင်တည်း ၀င်ဖမ်းဆီးတာလို့ ဆိုပါတယ်။ ဒီကိစ္စ ဖြစ်ပွားမှုအစဟာ ကလေးမြို့မှာ ဇွန် ၁၀ ရက်နေ့က လိုင်စင်မဲ့ ကားပွဲစားတယောက်ကို ခရိုင်ရဲမှူးက ဖမ်းဆီးပြီး တရားမ၀င်လိုင်စင်မဲ့ လက်ဝယ်ရှိမှုနဲ့ ဖမ်းဆီးစစ်ဆေးပါတယ်။ အဲဒီကားပွဲစားက သူကို ဖမ်းမယ်ဆိုရင် ကလေးမြို့မှာ လိုင်စင်မဲ့ကား အစီး ၇၀၀ လောက် ရှိကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ပြည်တွင်းထုတ် ဂျာနယ်တချို့မှာ ပါရှိလာပြီးနောက် နေပြည်တော်က အဆင့်မြင့်ရဲအရာရှိကြီးတွေကိုယ်တိုင် ကိုင်တွယ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒီသတင်းကို နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားဖော်ပြခြင်းမရှိသလို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို မြို့နယ်ရဲစခန်းမှာ ထားရှိပြီး ခရိုင်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ “ဒီဘက်မှာ ရဲတွေက ထောနေကြတာ။ ကလေးက လူတွေကလည်း တော်တော်လေး တရားမ၀င်တွေနဲ့ ထောနေကြတာ။။ မြို့နယ်က အငယ်ဆိုတော့ ခရိုင်က အုပ်ထားတာပေါ့။ ခရိုင်ရဲလည်း ပါတာပါပဲ ဒီပွဲကတော့” လို့ ပြောပါတယ်။ ကလေးဝမြို့ကို တမူးခရိုင်ရဲမှူး ပြောင်းရွှေ့စဉ်ကလည်း ဇက်သင်္ဘောပေါ်မှာ ပါလာတဲ့ ခရိုင်ရဲမှူးကားကို စစ်ဆေးရာမှာ အိန္ဒိယနိုင်ငံကလာတဲ့ တရားမ၀င်ဆေးဝါးတွေ ရှာဖွေ သိမ်းဆည်းရမိကြောင်း မြို့ပေါ်မှာ သတင်းထွက်ပေါ်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။ ကလေးခရိုင်ရဲတွေအနေနဲ့ အပြင်ထွက်ခွင့်မရဘဲ စစ်ဆေးခံနေရပြီး တာဝန်ထမ်းဖို့ အပြင်ထွက်ဖို့ လိုအပ်ရင် လက်မှတ်ထိုးပြီးမှ ထွက်ရတယ်လို့လည်း ဆိုပါတယ်။ ကလေးခရိုင်မှာ ကလေး၊ ကလေးဝနဲ့ မင်းကင်းမြို့နယ်တွေ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024