မကွေးတိုင်းတွင် ရခိုင်မှပြန်လာသူ ၆၉ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေး
DVB
·
August 29, 2020
မကွေးတိုင်းမှာ ရခိုင်ပြည်နယ်ဘက်က ပြန်လည်ဝင်ရောက်လာသူ ၆၉ ဦးကို Facility Quarantine ပြုလုပ်ပြီး ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးထားတယ်လို့ တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက “မကွေးတိုင်းဒေသကြီးဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတာဖြစ်တော့ အဲဒီပြည်နယ်က ပြန်ဝင်လာတဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် Facility Quarantine ၂ ပတ်ထားရှိပြီး Home Quarantine ၁ တပတ်ထားရှိတယ်” လို့ DVB ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာတဲ့သူ ၆၉ ဦးရှိနေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တိုရယူကာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးရာ ၂၅ ဦးမှာ ရောဂါပိုးမတွေ့ရှိရဘဲ့ ကျန်တဲ့ ၄၄ ဦးကတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ စောင့်ကြည့်/သံသယလူနာတွေကို လာမယ့်အပတ်ကစတင်ပြီး ရောဂါပိုးရှိမရှိ Gene Xpart ဓာတ်ခွဲစက်နဲ့ စစ်ဆေးပေးနိုင်တော့မယ်လို့ သိရပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက “အဲဒီ ဓာတ်ခွဲစက်ဟာ အသည်းရောင် အသားဝါရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးနိုင်တဲ့စက်ဖြစ်ပြီးတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ကနေ ကိုဗစ်-၁၉ ရောဂါကိုစစ်ဆေးနိုင်တဲ့ ဓာတ်ပြုပစ္စည်းတွေ ရရှိတာကြောင့် ဆေးရုံဝန်ထမ်းတွေနဲ့ စမ်းသပ်စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
လတ်တလောအခြေနေမှာတော့ မကွေးပြည်သူ့ဆေးရုံ၊ မကွေးသင်ကြားရေးဆေးရုံနဲ့၊ မင်းဘူးပြည်သူ့ဆေးရုံက စောင့်ကြည့်သံသယလူနာတွေကို ဦးစားပေးစစ်ဆေးမှာဖြစ်ပြီးတော့ လာမယ့်အပတ်ကစလို့ တပတ် ၂ ရက်နှုန်းနဲ့ ဓာတ်ခွဲနမူနာ ၁၂ ခု စစ်ဆေးနိုင်မယ်လို့ သိရပါတယ်။
ယခင်က ပို့ဆောင်ရေးအခက်ခဲတွေကြောင့် ရက်ခြားပြီးပို့ဆောင်ရတာဖြစ်လို့ ဓာတ်ခွဲအဖြေရရှိဖို့ ၃ ရက်လောက်ကြာမြင့်ပြီး အခုလိုစစ်ဆေးမယ်ဆိုရင် ရောဂါပိုး ရှိ၊ မရှိ နေ့ချင်းသိနိုင်မှာဖြစ်ပြီး အဖြေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံ အဏုဇီဝဌာနက အထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်မြတ်မိုးက “ဓာတ်ခွဲစက်က တကြိမ်ကို ၃ ယောက်ပဲ စစ်ဆေးနိုင်တာဖြစ်လို့ အများအပြား မစစ်ဆေးနိုင်ပေမဲ့ ဆေးရုံတက်ရောက်နေတဲ့ သံသယလူနာတွေအတွက် ဓာတ်ခွဲအဖြေဟာ ချက်ချင်းသိနိုင်တာကြောင့် ကုသရေး ကာကွယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံးလုပ်ဆောင်နိုင်မယ်” လို့ ပြောပါတယ်။
သတင်း-မင်းထီး