ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအမိန့်များ စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်

ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအမိန့်တွေ၊ ညွှန်ကြားချက်တွေကို စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီကနေ့ည ထုတ်ပြန်ပါတယ်။
ဩဂုတ် ၃၁ ရက်အထိထုတ်ပြန်ထားတဲ့ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမိန့်ကြေညာချက်တွေထဲမှာ လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးပြည်တွင်းကူးစက်မှုတွေ ဆက်တိုက်ပြန်တွေ့နေရတာဖြစ်ပြီး ဘယ်ကစတင်ကူးစက်မှန်းမသိတဲ့ ဇာစ်မြစ်ရှာမတွေ့တာ တွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ဩဂုတ် ၂၈ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄၃ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။
Photo – MPA