Homeမြန်မာသတင်း
ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးမှုဖြင့် ထောင်ချခံထားရသူကို ထောင်ဒဏ် ၁၀ နှစ် လျှော့ပေး
ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးမှုဖြင့် ထောင်ချခံထားရသူကို ထောင်ဒဏ် ၁၀ နှစ် လျှော့ပေး
DVB
·
August 28, 2020
ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးတာနဲ့ ပတ်သက်လို့ ထောင်ဒဏ်အနှစ် ၂၀ ကျခံခဲ့ရတဲ့သူ အတွက် မန္တလေးတိုင်းတရားလွှတ်တော်မှာ အယူခံတက်ရာ ထောင်ဒဏ် ၁၀ နှစ်လျှော့ပေးလိုက် ပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်အတွင်း ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ခင်းက ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုရှိန်းလတ်ဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(က)အတွက် ၁၀ နှစ်၊ ပုဒ်မ ၁၉ (က) အတွက် အနှစ် ၂၀ ပြီးခဲ့တဲ့ မတ်လထဲက မြင်းခြံခရိုင်တရားရုံးမှာ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ အယူခံတက်ရာ မတ် ၂၃ ရက်နေ့က မန္တလေးတိုင်းတရားလွှတ်တော်မှာ အမှုစွဲတင်ခဲ့ပြီး သြဂုတ် ၁၀ ရက်မှာ အပြီးသတ်ကြားနာကာ သြဂုတ် ၂၈ ရက်နေ့မှာ အမိန့်ချခဲ့ပါတယ်။
စိုက်ခင်းက ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုရှိန်းလတ်ကို ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)/၂၁ အရ (၅) နှစ်၊ ၁၉ (က)/၂၁ အတွက် ထောင်ဒဏ် ၁၀ နှစ် တို့ကို တစ်ပေါင်းတည်းကျခံဖို့ မန္တလေးတိုင်းတရားလွှတ်တော်က ပြင်ဆင်အမိန့်ချခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းသီရိရွှေက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုကို ဆက်လက်အယူခံတက်မှာဖြစ်ကာ ကိုရှိန်းလတ်နဲ့အတူ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးကိုတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က မြင်းခြံခရိုင်တရားရုံးက တရားရှင်လွှတ်ဖို့ အမိန့်ချခဲ့ပါတယ်။
အမှုရဲ့ အဓိက တရားခံအဖြစ် စွပ်စွဲခံရတဲ့ အမေရိကန်နိုင်ငံသားတွေက တစ်ယောက်မှ မရှိတော့ဘဲ ကူလီခေါင်းက ထောင်ကျကျန်သလိုဖြစ်နေတယ်လို့ ကိုရှိန်းလတ်ရဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသားကို ၂၀၁၈ ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေး ကြောင့် ကျပ်သိန်း ၃၀၀၀ တန် ခံဝန်နဲ့ အာမခံပေးခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက ရုံးချိန်းတွေမှာ လာရောက်ရင်ဆိုင်ခဲ့တာမရှိဘဲ တိမ်းရှောင်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၂ ရက်က ရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)၊ အုပ်ချုပ်ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါတယ်လို့ ယူဆရတဲ့ စိုက်ခင်း ၆၀ ဧကနီးပါးတွေ့ရှိခဲ့တာပါ။
စိုက်ခင်းအတွင်းက ပင်မအဆောက်အဦအတွင်းမှာလည်း ဆေးခြောက်လို့ ယူဆရတဲ့ အစေ့၊ အဆီ၊ Formic အက်ဆစ်လို့ ယူရတဲ့ အရည်၊ အက်သနောလို့ ယူဆရတဲ့အရည်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒါ့ကြောင့် စိုက်ခင်းဝန်ထမ်းတွေဖြစ်တဲ့ ဦးရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုး တို့အပါအဝင် အမေရိကန်နိုင်ငံသား ၂ ဦးကို တည်ဆဲဥပဒေတွေနဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တဲ့ အမှုဖြစ်ပါတယ်။
သတင်း - နိုင်လင်းဦး