Home
မြန်မာသတင်း
ကိုဗစ်လူနာ ရဲအရာရှိ ဘောလုံးပွဲကြည့်ခဲ့၊ ထိတွေ့ခဲ့သူ ၁၃ ဦး ဆေးရုံ၌ ကွာရန်တင်းဝင် 
DVB
·
August 28, 2020
118333923_2596031640658737_307611025109073003_o
minhla
118403800_2596031600658741_3339213882104703291_o
118130436_2596031737325394_7790033536461654314_o
117965514_2596031683992066_2033387152455182762_o
စစ်တွေမြို့ကနေ မန္တလေးကို သင်တန်းတက်ဖို့လာတဲ့ ကိုဗစ်-၁၉ လူနာအမှတ်  ၅၈၇ ရဲအရာရှိဟာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ မိသားစုဆီကို ဝင်ရောက်နေထိုင်ခဲ့တာကြောင့် သူ့ရဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့ခဲ့သူတွေကို စစ်ကွင်းဆေးရုံမှာ Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာ စစ်ဆေးဖို့ ပို့ဆောင်ပါတယ်။ အဆိုပါ လူနာနဲ့အတူနေ မိသားစု ၉ ဦးရှိပြီး သူနဲ့ ထိတွေ့ခဲ့သူ ၄ ဦး စုစုပေါင်း ၁၃ ဦး ရှိပြီး အခုလောလောဆယ် အားလုံးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းတယ်လို့ မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာလှဝင်းက ပြောပါတယ်။ “ရောဂါလက္ခဏာမရှိဘူး၊ လောလောဆယ်တော့ ကျနော်တို့ စစ်ကွင်းဆေးရုံမှာ စောင့်ကြည့်ထားပါတယ်။ ထိတွေ့ထားတဲ့လူတွေကိုတော့ စောင့်ကြည့်ဖို့ အစီအစဉ်ရှိတယ်။  တကယ်လို့ ရောဂါလက္ခဏာတစ်ခုခုရှိတယ်၊ နေမကောင်းဖြစ်တယ် ဆိုရင်တော့ ကျန်းမာရေးဌာနကို လာရောက်ပြသဖို့ အသိပေးပညာပေးလုပ်ထားပါတယ်။"  လူနာအမှတ် ၅၈၇ ဟာ သြဂုတ် ၁၉ ရက်က စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ လာရောက်ခဲ့ပြီး၊ လေယာဉ်ကွင်းကနေ  ခရေပင်လမ်းခွဲကို  နံပါတ်မမှတ်မိတဲ့ တက္ကစီနဲ့ သွားရောက်ခဲ့ပြီး ခရေပင်လမ်းခွဲကနေ စစ်ကွင်းမြို့ကို Express ကားတစ်စီးနဲ့ သွားရောက်ခဲ့ပါတယ်။ စစ်ကွင်းတာဆုံကနေ မိသားစုရှိရာနေအိမ်ကို ညီမဖြစ်သူလာကြိုတဲ့ ဆိုင်ကယ်နဲ့ အဆင့်ဆင့် လာရောက်ခဲ့တဲ့အပြင်၊ နောက်နေ့ သြဂုတ် ၂၀ ရက်နေ့မှာလည်း စစ်ကွင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မင်းလှ- လက်ပံတန်း ဘောလုံးပွဲကို သွားရောက်ကြည့်ရှုခဲ့သလို အနီးအနားက မင်းလှမြို့နဲ့ လက်ပံတန်းမြို့တွေကိုလည်း  သွားရောက်လည်ပတ်ခဲ့တယ်လို့ဆိုပါတယ်။  စစ်ကွင်းမြို့ကနေ မန္တလေးမြို့ကို သင်တန်းတက်ဖို့ သွားတဲ့အခါ အိမ်ကနေ စစ်ကွင်းတာဆုံကို ဆိုင်ကယ်ကယ်ရီငှား​ရမ်းပြီး ပစ္စည်းတွေတင်ဆောင်ကာ လူနာကတော့ အောင်ရတနာမှန်လုံယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။ စစ်ကွင်းမြို့ကနေ ရန်ကုန်ကိုတော့ မင်းလှ-ရန်ကုန် ရန်မျိုး​အောင် မှန်လုံယာဉ်နဲ့ လိုက်ပါသွားခဲ့တာဖြစ်တယ်လို့  မိသားစုဝင်တွေဆီက သိရှိရပါတယ်။ မင်းလှမြို့လူငယ်စင်တာ ဥက္ကဋ္ဌ ကိုမင်းခန့်ကျော်က "ဒီအရေးဟာ ကူးစက်ရောဂါဖြစ်တာက တစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်နေတာက တစ်ကြောင်း၊ အသေအချာ အလွဲအမှားမရှိ စီမံရမှာဖြစ်ပါတယ်။ စီမံခန့်ခွဲတဲ့သူတွေကသာ နည်းလမ်းတကျ လမ်းညွှန်ပေးကြပါ။ ဦးစီး ဆောင်ရွက်ရမယ့်သူတွေက ကိုယ်တိုင်တာဝန်ယူမှု တာဝန်ခံမှုရှိပေးကြပါ၊ အလျင်အမြန်တားဆီး နိုင်ဖို့ လိုအပ်ပါတယ်" လို့ ပြောပါတယ်။ လူနာသွားလာခဲ့တဲ့ မင်းလှနဲ့ လက်ပံတန်း မြို့နယ်တွေက ကျန်းမာရေးဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မြို့နယ်ချင်းချိတ်ဆက်ဆောင်ရွက်နေကြောင်းနဲ့ သူနဲ့ထိတွေ့ခဲ့တဲ့ လူတွေကိုတော့ အသိပညာပေးဖို့၊ အိမ်မှာနေကြဖို့၊ ရောဂါလက္ခဏာတစ်ခုခုရှိရင် လာရောက်ပြသကြဖို့ အသိပေးတာတွေကို ဆက်လက်ဆောင်ရွက်နေကြောင်း ဒေါက်တာလှဝင်း ထံက ပြောပါတယ်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၂၈ လမ်း နဲ့၂၉ လမ်းကြားရှိ ရဲအရာရှိ အတတ်သင်ကျောင်းမှာ စစ်တွေကနေ သင်တန်းလာတက်တဲ့ ရဲအုပ်တဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သတင်း - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024