သရုပ်ဆောင်မင်းရာဇာအမှု တရားလိုဖြစ်သူကို အပြီးသတ်စစ်ဆေး
ချမ်းမြေ့မောင်
·
August 28, 2020
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာအမှုမှ တရားလိုဖြစ်သူကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ အပြီးသတ် စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ ဩဂုတ် ၂၈ ရက်နေ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာအမှုကို ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ အိမ်အကူ မိန်းကလေးရဲ့မိခင်ဖြစ်သူကို အပြီးသတ်စစ်ဆေးခဲ့ပါတယ်။
လတ်တလောအခြေအနေအရ အိမ်အကူမိန်းကလေးကို အမည်မသိ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးက လိုက်လံစုံစမ်းတာတွေပြုလုပ်နေတယ်လို့ တရားလို မိခင်ဖြစ်သူက ပြောကြားလိုက်ပြီး မိန်းကလေးကို နယ်မှာ တစ်ယောက်တည်းထားခဲ့ဖို့ လုံခြုံရေးအခြေအနေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်မင်းရာဇာအပါအဝင် ၄ ဦးဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာလည်း ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ အမှုရင်ဆိုင်နေရပါတယ်။
သရုပ်ဆောင်မင်းရာဇာ မိသားစုက အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ အမျိုးသမီးလေးရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့တာပါ။
နောက်တပတ်ရုံးချိန်းကို စက်တင်ဘာ ၄ ရက်နေ့ချိန်းဆိုထားပြီး အိမ်အကူမိန်းကလေးကို စစ်ဆေးသွားမယ်လို့ ရှေ့နေက ပြောပါတယ်။