Email This Story :
ဂျပန်နိုင်ငံရဲ့သက်တမ်း အရှည်ကြာဆုံးဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက နုတ်ထွက်တယ်လို့ သြဂုတ် ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း အာဘေးက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သူ့အနေနဲ့ အမှားအယွင်းလုပ်လို့ မဖြစ်ဘူးလို့ ဆိုပါတယ်။
ပြည်သူတွေရဲ့ထောက်ခံမှုကို သူ့အနေနဲ့ ယုံကြည်ချက်ရှိရှိ တုံ့ပြန်ဖို့ လိုအပ်ပြီး သူဟာ အဲဒါ ကို မလုပ်နိုင်ဘူးလို့ အာဘေးက ပြောပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် တာဝန်ကို ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောဆိုသွားခဲ့ပါတယ်။
ဝန်ကြီးချုပ် အာဘေးဟာ သြဂုတ် ၁၄ ရက်က တိုကျိုမြိ့ရှိ ခေးကိုတက္ကသိုလ်ဆေးရုံမှာ စစ်ဆေးမှုခံယူခဲ့ပြီး သြဂုတ် ၂၄ ရက်က တစ်ကြိမ် နောက်ဆက်တွဲ စစ်ဆေးမှုခံယူပြီးနောက်မှာ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထင်ကြေးအမျိုးမျိုးပေါ်ထွက်လာပါတယ်။
မကြာသေးခင် ထပ်မံရရှိတဲ့ သတင်းတွေအရ သူရဲ့ကျန်းမာရေးအခြေအနေဟာ ဇူလိုင်လကတည်းက ကျဆင်းနေပြီး သြဂုတ်လ အစောပိုင်းမှာ ပိုဆိုးရွာလာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ ဝန်ကြီးချုပ် အာဘေး တာဝန်ဆက် မထမ်းဆောင်နိုင်မှာကို သူ့ရဲ့အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီထဲမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီး သူ့နေ့ရာကို ဘယ်သူဆက်ခံနိုင်မလဲ ဆိုတဲ့ ထင်ကြေးတွေ ပေါ် ထွက်ခဲ့ပါတယ်။
အသက် ၆၅ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် အာဘေး ရာထူးက နုတ်ထွက်မယ့် သတင်း မထွက်ခင် အာဏာရပါတီအထွေထွေအတွင်းရေးမှူးချုပ်က အစိုးရအဖွဲ့အကြီးအကဲ ယိုရှီဟီဒါ ဆူဂါဟာ အာဘေးနေရာဆက်ခံဖို့ အားကောင်းတဲ့ကိုယ်စားလှယ်ဖြစ်တယ်လို့ TBS TV program ကို ပြောဆိုခဲ့ပါတယ်။
မည်သို့ပင်ဆိုစေ ဝန်ကြီးချုပ်အာဘေးရဲ့ နုတ်ထွက်မှုဟာ အာဏာရလစ်ဘရယ်ဒီမိုကရက် ပါတီ (LDP) အတွင်း ခေါင်းဆောင်မှု ယှဉ်ပြိုင်ပွဲကို ဖြစ်စေမှာပါ။
ဒီယှဉ်ပြိုင်ပွဲဟာ သီတင်း နှစ်ပတ်၊ သုံးပတ်အတွင်း ဖြစ်ဖွယ်ရှိပြီး အနိုင်ရသူကို ပါလီမန်မှာ တရားဝင် ရွေးကောက်တင်မြှောက်သွားမှာပါ။
ပါတီခေါင်းဆောင်သစ်ဟေ ဝန်ကြီးချုပ်နေရာကို ရယူပြီး အာဘေးရဲ့ ကျန်ရှိသက်တမ်းကို ဆက်ထမ်းဆောင်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။