အမေရိကန် လူဝီစီယားနားပြည်နယ်ကို ဟာရီကိန်းလော်ရာ ဝင်ရောက်

1K
ဟာရီကိန်းမုန်တိုင်း လော်ရာဟာ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်ကို သြဂုတ် ၂၇ ရက် မနက် အစောပိုင်းက ဝင်ရောက်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လော်ရာဟာ မုန်တိုင်းအဆင့် ၄ ရှိပြီး မုန်တိုင်းလော်ရာကြောင့် ကမ်မရွန်းမြို့မှာ နေအိမ်တွေပျက်စီးပြီး ရေတွေကြီးနေပုံကို ရိုက်တာသတင်းမှာ မြင်တွေ့ရပါတယ်။
လော်ရာဟာ လူဝီစီယားနားကို လေတိုက်နှုန်းတစ်နာရီ မိုင် ၁၅၀နဲ့ ဝင်ခဲ့ပြီး အဆောက် အအုံတွေ ပျက်စီး၊ သစ်ပင်တွေ ပြိုလဲတာနဲ့ လူဝီစီယားနားနဲ့တက္ကဆက်တို့က ဒေသခံ ခြောက်သိန်းခွဲ ကျော် ဓာတ်အား ပြတ်တောက်တာတွေ ကြုံတွေ့ခဲ့ပါတယ်။
ဒါပေမဲ့လည်း လော်ရာမုန်တိုင်းဟာ ခန့်မှန်းထားတာထက် အားပျော့တာကြောင့် ရေအကြီး အကျယ် လွှမ်းမယ်လို့ စိုးရိမ်ထားတဲ့ ရေနံချက်စက်ရုံတွေ လွတ်ကင်းခဲ့ပါတယ်။
မုန်တိုင်းလော်ရာကြောင့် တက္ကဆက်ပြည်နယ် အောရင့်ဂျ်မြို့မှာလည်း သစ်ပင်တွေ လဲကျတာ၊ ဓာတ်တိုင်တွေ ပြိုလဲတာနဲ့ အမိုးတွေ လန်တာရှိခဲ့တယ်။
တက္ကဆက်-လူဝီစီယားနားနယ်စပ်အနီး ပင်လယ်ကွေ့ကို မုန်တိုင်း ဝင်ပြီးနောက် တက္ကဆက်၊ လူဝီစီယားနားနဲ့အာကင်ဆောပြည်နယ်တွေက နေအိမ်နဲ့လုပ်ငန်း ရှစ်သိန်းခွဲ ကျော်လည်း ဓာတ်အား ပြတ်တောက်ခဲ့ရပါတယ်။
အဲဒီနောက် လော်ရာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီး လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်နဲ့ လူဝီစီယားနား-အာကင်ဆောနယ်စပ်မြောက်ပိုင်းကို ဖြတ်သန်းနေတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။