သုဝဏ္ဏက ကိုဗစ်-၁၉ လူနာ ဘယ်ကကူးစက်မှန်းမသိဘဲ ဖျားနာရင်ကျပ်ရာက ရောဂါပိုးတွေ့ခြင်းဖြစ်
ညီငယ်
·
August 28, 2020
သြဂုတ်လ ၂၇ ရက် ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်တဲ့ ပိုးတွေ့လူနာသစ် ၁၆ ယောက်စာရင်းမှာ ရန်ကုန်က ၄ ယောက်ပါဝင်ပါတယ်။
အဲဒီလူနာသစ် ၄ ဦးထဲမှာ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာနေထိုင်သူ ၁ ယောက်ဟာ ရောဂါ ဘယ်ကကူးမှန်းမသိဘဲ ဖျားပြီး ရင်ကျပ်ရာကနေ ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ ပိုးတွေ့ခဲ့တာလို့ သင်္ကန်းကျွန်းမြို့နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ဒီဗွီဘီကိုပြောပါတယ်။
"ဘယ်မှတော့ မသွားမလာထားဘူး။ ဖျားတယ်၊ ရင်နည်းနည်းကျပ်ရာကနေ ဆေးရုံသွားပြရင်းတွေ့တာ"လို့ ပြောပါတယ်။
သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက် ၊ ပေါ်ဆန်းမွှေးလမ်းမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် လူနာအမှတ် ၅၉၅ အမျိုးသမီးနဲ့ထိတွေ့တဲ့ မိသားစုဝင် ၂၀ ကျော်လောက်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။
အဝတ်လျှော်လုပ်ငန်းလုပ်ကိုင်သူ အဲဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကို ကျန်းမာရေးဌာနက ဆက်လက်စုံစမ်းနေတယ်လို့ လတ်တလောသိရပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ် ၂၈ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂၈ ယောက်ရှိပြီး သြဂုတ်လ တတိယပတ်ကစတင်က ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ဆက်စပ်ပြီး ရောဂါ ကူးစက်မှု အရှိန်မြင့်လာတာဖြစ်ပါတယ်။