Live
Home
မြန်မာသတင်း
ဆရာဝန် ခန့်ထားနိုင်ခြင်းမရှိသေးသည့် တိုက်နယ်ဆေးရုံပေါင်း ၂၀၀ ကျော်ရှိ
နေဖြိုးဝင်း
·
August 27, 2020
မြန်မာနိုင်ငံတဝန်းမှာ ဆရာဝန်တဦးမှ ခန့်ထားနိုင်ခြင်း မရှိသေးတဲ့ တိုက်နယ်ဆေးရုံပေါင်း ၂၀၀ ကျော်ရှိတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။ ပျော်ဘွယ်မြို့နယ် အမှတ် (၈) အထည်စက်ရုံရှိ ဝန်ထမ်းတွေအတွက် ဆရာဝန်တဦး ခန့်ထားပေးဖို့နဲ့ လစဉ်လိုအပ်တဲ့ ဆေးဝါးတွေထောက်ပံ့ပေးဖို့ အစီအစဉ် ရှိမရှိ မေးခွန်းနဲ့ ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက အခုလို ထည့်သွင်းဖြေဆိုခဲ့တာပါ။ “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံကြီး၊ ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေရဲ့ ဖွဲ့စည်းပုံ၊ ဆရာဝန်လိုအပ်ချက်ကိုပင် ပြည့်မီအောင်ခန့်ထားနိုင်ခြင်း မရှိသေးကြောင်း၊ ဆရာဝန်တဦးမျှ ခန့်ထားနိုင်ခြင်းမရှိတဲ့ တိုက်နယ်ဆေးရုံ ပေါင်း ၂၁၂ ရုံရှိနေသေးကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် နည်းပါးနေသေးတာကြောင့် အ မှတ် (၈) အထည်ချုပ်စက်ရုံ ပျော်ဘွယ်အတွက် လိုအပ်နေတဲ့ လက်ထောက်ဆရာဝန်တဦးကို လတ်တလောမှာ ခန့်ထားပေးနိုင်ခြင်း မရှိပါကြောင်း”  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သာမန်သုံးငွေနဲ့ ငွေလုံးငွေရင်းသုံးငွေ နှစ်ရပ်ပေါင်း ကျပ်သန်း ၁၄၂၁၉၄၅ ဒသမ ၀၀၁ တောင်းခံခဲ့တာမှာ စုစုပေါင်း ကျပ်သန်း ၂၈၀၆ ဒသမ ၂၇၅ ဖြတ်တောက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ သာမန်သုံးငွေနဲ့ ငွေလုံးငွေရင်းသုံးငွေ နှစ်ရပ်ပေါင်း ကျပ်သန်း ၁၁၆၇၀၄၃ ဒသမ ၇၁၅ သာ ရရှိခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024