Home
မြန်မာသတင်း
အင်ကြင်းကျောက် အချောထည်ထုတ်လုပ်ရန်ကိစ္စ မကွေးတိုင်းလွှတ်တော်တွင် မေးမြန်း
DVB
·
August 27, 2020
118226602_2401769553457825_970803605221033189_o
118124243_2401769830124464_2895040453093388303_o
မကွေးတိုင်းကထွက်ရှိတဲ့  သယံဇာတ  အင်ကြင်းကျောက်တွေကို ကုန်ကြမ်းအတိုင်းတင်ပို့ မယ့်အစား ပြည်သူတွေအလုပ်အကိုင်အခွင့်လမ်းရရှိစေဖို့အတွက် အဆင့်တက်အချောထည် ထုတ်လုပ်ရောင်းချဖို့ မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ  သြဂုတ် ၂၅ ရက်နေ့က  လွှတ်တော်အမတ် တဦးက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။ သယံဇာတ အင်ကြင်းကျောက်တွေကို ကုန်ကြမ်း အဖြစ်တင်ပို့တာထက် ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနဲ့ ကုန်ချောထုတ်လုပ်နိုင်ဖို့ အစိုးရနဲ့ပြည်သူလူထုကို အသိပေးတဲ့အနေနဲ့ မေးခွန်းမေးမြန်းခဲ့တာလို့ သရက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောပါတယ်။ “မကွေးတိုင်းအတွင်းမှာ ကုန်ချောထုတ်လုပ်နိုင်တဲ့ အသားကျောက်တွေ ရှိနေတဲ့အတွက် နည်းပညာပိုင်းအရ အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောကြားရခြင်းဖြစ်တယ်”လို့ ဆိုပါတယ်။   အင်ကြင်းကျောက်စျေးကွက်ခိုင်မာဖို့အတွက် အဆင့်တက် အချောထည်လုပ်ငန်းကိုလည်း လုပ်ဆောင်ရမှာဖြစ်သလို ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနဲ့ပူးပေါင်းပြီး အဖိုးတန် အင်ကြင်းကျောက်တွေကိုပြသပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမယ့်သူတွေ တွေ့စုံ ဆွေးနွေးပြီး အင်ကြင်းကျောက်သားဥယျာဉ်ပြတိုက်တွေ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းသွားမယ် လို့လည်း လွှတ်တော်အမတ် ဦးဇော်မိုးအောင်ကပြောပါတယ်။ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကတော့ မကွေးတိုင်းကထွက်ရှိတဲ့ အင်ကြင်းကျောက်အမြစ်ဆုံတွေကို အဆင့်တက် အချောထည် ထုတ်လုပ်နိုင်ဖို့   ကုမ္ပဏီတစ်ခုကလာရောက်ဆွေးနွေးထားပြီး အဲဒီကုမ္ပဏီနဲ့ ညှိနှိုင်း လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ အဲဒီကုမ္ပဏီဟာ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာ အင်ကြင်းကျောက် အဆင့်တက်အချောထည်ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။ ပြည်ထောင်စု သယံဇာတနှင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သြဂုတ် ၇ ရက်ကစပြီး အင်ကြင်းကျောက်အပါဝင် သတ္တု၊ စက်မှု၊ တွင်းထွက်ကျောက်တွေကို ရတနာ တန်းဝင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်ပြုလိုက်ပြီဖြစ်လို့ အင်ကြင်းကျောက်ကို အဆင့်တက်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ရောင်းဝယ်နိုင်အောင် စီစဉ်နေတယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မကွေးတိုင်းအတွင်းက ၁၆ မြို့နယ်အပြင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အင်ကြင်းကျောက် အဓိကထွက်ရှိပြီး ပြည်တွင်းမှာ ရောင်းဝယ် နိုင်တဲ့ အင်ကြင်းကျောက်စျေးကွက်တစ်ခု ဖော်ဆောင်ပေးဖို့ ဒေသခံပြည်သူတွေ လိုလားနေကြတာပါ။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024