Home
မြန်မာသတင်း
မောင်တောနှင့် ဘူးသီးတောင်တွင် လျှပ်စစ်မီး ၄ ရက်ကြာ ပြတ်နေ
DVB
·
August 27, 2020
ရခိုင်ပြည်၊ မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့တို့မှာ  သြဂုတ်လ ၂၄ ရက် နေ့လယ် ၁  နာရီကစပြီး လျှပ်စစ်မီးပြတ်တောက်နေတာ ဒီနေ့အထိ ၄ ရက်ရှိပြီဖြစ်တာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နေ ကိုဇော်ထွန်းနိုင်က “ ဒီနေ့အထိ ပြန်မရသေးဘူး။ လျှပ်စစ်မီးပြတ်နေတော့ ဖုန်းလည်း ဘတ္တရီဖြည့်မရ၊ TV လည်း ကြည့်မရ။ ကိုဗစ်ရောဂါပိုးတွေ့တာလည်း ယခင် ၄  ဦး၊ ဒီနေ့ ၂  ဦး၊  ၆  ဦးအထိ ရှိလာတယ်။ ကိုဗစ်နဲ့ပတ်သတ်လို့ဘာသတင်းမှလည်း TV တွေမှာ မကြည့်နိုင်ဘူး။ အင်တာနက်ကလည်း 2G ဘာသတင်းမှဖတ်မရဘူး" လို့ ပြောပါတယ်။ မောင်တောခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်ကတော့ "ရသေ့တောင်နဲ့ ဘူးသီးတောင်ကြား တိုင်အမှတ် ၄၈ နဲ့ ၄၉ ကြားမှာ ပြတ်နေတယ်လို့ သိရတယ်။ ပြုပြင်ဖို့ ဒီနေ့ ပုဏ္ဏားကျွန်ဓာတ်အားခွဲရုံက ထွက်သွားကြပြီ။ နောက်ထက် နှစ် ရက်လောက်တော့ ကြာနိုင်ပါသေးတယ်။ နယ်မြေ မလုံခြုံတဲ့အတွက် မသွားနိုင်ဖြစ်နေခဲ့ရတာ" လို့  ပြောပါတယ်။ မေယုမြစ်ထဲသွားလာနေတဲ့ တပ်မတော် ရေယာဉ်တစီးကို ရက္ခိုင့်တပ်တော်က ပစ်ခတ်မှုကြောင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး လျှပ်စစ်တာဝါတိုင်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကေဘယ်လ်ကြိုးပြတ်တောက်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီကလည်း တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ထိမှန်ကာ လျှပ်စစ်မီးတိုင် ပျက်စီးတဲ့အတွက် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောင် စတဲ့ မြို့နယ် ၃ ခု မှာ ၂၀၂၀ ဧပြီလ ၂ ရက်မှ  ၂၂ ရက်နေ့အထိ ရက် ၂၀ အကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါတယ်။ သတင်း - လင်းလက် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024