အသွားအလာကန့်သတ်မှုကြောင့် လည်ပတ်သူမရှိတော့၍ ထိုင်းဘေးမဲ့တော အခက်အခဲကြုံ

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိုင်းနိုင်ငံက နယ်စပ်တွေကို ပိတ်ပစ်ပြီး အသွားအလာ အဝင်အထွက် တင်းပြည့်ကြပ်ပြည့် ကန့်သတ်ခဲ့အပြီးမှာ နိုင်ငံအလယ်ပိုင်းက သားရဲဘေးမဲ့တောကို လာရောက်လည်ပတ်သူမရှိတော့လို့ ဝင်ငွေ ဆိုးဆိုးကျဆင်းခဲ့တာကြောင့် ဆက်လက်ရပ်တည်ရေး အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။ သစ်ထုတ်စခန်းကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအပေါ် အဓိက မှီခို နေရတာပါ။ ပြီးခဲ့တဲ့ ၆ လလုံး လာရောက်လည်ပတ်သူ လုံးဝ မရှိတော့တာမို့ ဝင်ငွေ ၇၅ ရာခိုင်နှုန်း ဆုံးရှုံးခဲ့တယ်လို့ သားရိုင်းမိတ်ဆွေများ ဖောင်ဒေးရှင်းတည်ထောင်သူက ပြောပါတယ်။ ဘန်ကောက်အနောက်တောင်ဘက် ၁၀၆ မိုင်အကွာက ဘေးမဲ့တောအတွက် မြေနေရာကို အနားက ဘုန်းတော်ကြီးကျောင်းက လှူထားတာပါ။ တိရစ္ဆာန်ကောင်ရေ ၈၀၀ ကျော်ရှိတဲ့ ဘေးမဲ့တောအတွက် တလကို အမေရိကန်ဒေါ်လာ လေးထောင် ကုန်ကျစရိတ်ရှိပြီး များသောအားဖြင့် စေတနာ့ဝန်ထမ်းတွေကို မှီခိုခဲ့တာပါ။  ခုတော့ တိရစ္ဆာန်အစားအစာတွေ တရက် ၂ ကြိမ် ပြင်ဆင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း တယောက်သာ ကျန်ပါတော့တယ်။  ကပ်ဘေးကာလအတွင်း ပိုင်ရှင်တွေက ဆက်ပြီး မစောင့်ရှောက်နိုင်တော့တဲ့ မျောက်နဲ့ဆင် ကောင်ရေ လေးဆယ်လောက်ကိုလည်း လက်ခံပေးထားရပါသေးတယ်။  ပုဂ္ဂလိက အလှူရှင်တွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထိုင်းအစိုးရတို့ဆီက ရတဲ့ ရန်ပုံငွေနဲ့လည်း မလောက်ငတော့ဘူးလို့ ဆိုပါတယ်။  ထိုင်းနိုင်ငံထဲကို ၂၀၁၉ ခုနှစ်က ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၉ ဒသမ ၈ သန်း စံချိန်တင် ဝင်ရောက်ခဲ့တာပါ။  ဒါပေမယ့် နယ်စပ်တွေကို ပိတ်အပြီး ၂၀၂၀ မှာတော့ ကမ္ဘာလှည့်ခရီးသည် ၈ သန်းသာ လာမယ်လို့ မျှော်လင့်ထားပါတယ်။  နိုင်ငံရဲ့ စီးပွားရေးဟာလည်း ၁၉၉၈ နောက်ပိုင်းမှာ အကြီးဆုံး ကျဆင်းခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up