ကျောက်တော်ဒေသ ကျောင်းသားများအတွက် အောင်စာရင်းထုတ်ပေးပြီးဖြစ်ဟု ပညာရေး ဒုဝန်ကြီးပြော

နယ်မြေမလုံခြုံမှုကြောင့် အခြေခံပညာစာမေးပွဲတွေ ဖြေဆိုခွင့်မရခဲ့တဲ့ ကျောက်တော်ဒေသက အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူတွေရဲ့ အောင်စာရင်းကို ထုတ်ပြန်ပေးခဲ့ပြီးပြီးလို့  ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။ ရခိုင်ပြည်နယ်‌၊ ကျောက်တော်မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း ၂၅၉ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ ကျောင်းတို့ရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၀၀၀၀ကျော်ရှိပါတယ်။ အခုနှစ် ဖော်ဖော်ဝါရီလက ကျင်းပခဲ့တဲ့ အခြေခံပညာအဆင့် စာမေးပွဲတွေကို နယ်မြေဒေသ မလုံခြုံမှု၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၅၈ ဦး မဖြေဆိုခဲ့ရတဲ့အတွက် ဒီကျောင်းသားကျောင်းသူတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့ စီစဉ်ထားမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၅ က လွှတ်တော်ကိုယ်စားလှယ်  ဦးမြင့်နိုင်က ဩဂုတ် ၂၇ ရက်  အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။ ကျောက်တော်မြို့နယ်အတွင်း အခြေခံပညာ ၄ တန်း၊ ၈ တန်းနဲ့ တခြားအတန်းတွေ စာမေးပွဲစစ်ဆေးမှုမှာ လုံခြုံရေးအခြေအနေအရ စာမေးပွဲ ဖြေဆိုခွင့်မရရှိခဲ့ကြတဲ့ ကျောင်းသားတွေအတွက် လူငယ်တွေရဲ့  အနာဂတ်ပညာရေးကိုမျှော်ကိုးပြီး ပညာရေးဝန်ကြီးဌာနက ဘယ်လို စီမံဆောင်ရွက်ထားသလဲဆိုတာ သိရှိလိုတယ်လို့  လွှတ်တော်အမတ် ဦးမြင့်နိုင်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး  ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “ ၁၁၅၈ ဦးတို့အတွက် စာမေးပွဲတွေကို ၂၀၁၉-၂၀ ပညာသင်နှစ်အတွင်း အခန်းဆုံး စစ်ဆေးခြင်းနှစ်ကြိမ် ၊ ဇူလိုင်လနှင့် ဒီဇင်ဘာလ၊ အောက်တိုဘာလ နှစ်ဝက်စာမေးပွဲရလဒ်တို့နဲ့ စုပေါင်းပြီး CPR စနစ်နဲ့ ၂၀၂၀ ပြည့်နှစ် မေလနောက်ဆုံးပတ်မှာ ဒီကျောင်းသားကျောင်းသူတစ်ဦးဆီရဲ့ ရမှတ်တွေကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံးရှိ အဖွဲ့များမှ စိစစ်စစ်ဆေး၍ ၎င်းတို့ရဲ့အောင်စာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၃ ရက်နေ့တွင် အခြား ကျောင်းသားများနည်းတူ အောင်စာရင်းထုတ်ပြန်အောင်မြင်ခဲ့ပြီးဖြစ်ပါကြောင်း ရိုသေစွာရှင်းလင်း အပ်ပါတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ရဲ့ အထက်ပိုင်းဒေသက ကျေးရွာနေပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို စွန့်ခွာခဲ့ရတဲ့အတွက် ကျောင်းသားကျောင်းသူတွေဟာ စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသလို လက်ရှိအချိန်ထိလည်း တိုက်ပွဲရှောင်ယာယီစခန်းတွေမှာသာ နေထိုင်နေရဆဲဖြစ်ပါတယ်။ ဒေသအတွင်း တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း ၁၉ ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်း ၂ ကျောင်း၊ စုစုပေါင်း ၂၁ ကျောင်းတို့ရဲ့ ၄ တန်း ၊ ၈ တန်းနဲ့ အခြားအတန်းတွေရဲ့ စာမေးပွဲတွေကို ကျင်းပနိုင်ခြင်းမရှိခဲ့သလို ကျောင်းသားတွေရဲ့ ပညာရေးထိခိုက်နစ်တာခဲ့ရတာဖြစ်ပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

//
More News
Up