လာအို-ဂျပန် လေကြောင်းခရီးစဉ်များ စက်တင်ဘာအစောပိုင်း ပြန်စမည်

လာအိုနဲ့ဂျပန်နိုင်ငံ နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ် ပြေးဆွဲမှုကို လာမယ့်စက်တင်ဘာလ အစောပိုင်းမှာ တစိတ်တပိုင်းအနေနဲ့ ပြန်လည်စတင်ဖို့ သဘောတူညီထားတယ်လို့ ကျိုဒိုသတင်း တပုဒ်မှာ ဖော်ပြပါတယ်။ ခုလိုပြန်လည်ပြေးဆွဲမှုမှာတော့ ကာလရှည်ကြာနေထိုင်မယ့် နှစ်နိုင်ငံခရီးသွားတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းညွှန်ကြားချက်တွေနဲ့အညီ ၁၄ ရက် ကွာရန်တင်းဝင် စစ်ဆေးမှုခံယူရမယ်လို့ ဆိုပါတယ်။ လာအိုနိုင်ငံခြားရေးဝန်ကြီး ဆာလွမ်ဆေ ကွမ်မာဆစ်သ်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှိမိဆုတို့ဟာ ဩဂုတ် ၂၃ ရက်က ဗီယန်ကျန်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံကြား ခရီးသွားလာမှု ဖြေလျှော့မှုဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ လတ်တလော သဘောတူညီချက်တွေအရ ဂျပန်အစိုးရပညာသင်ဆုနဲ့ ပညာတော်သင်ဆုရ လာအိုကျောင်းသားတွေအနေနဲ့ ဂျပန်နိုင်ငံတွင်း ဝင်ရောက်ခွင့်ရရှိမှာဖြစ်ကာ နှစ်နိုင်ငံ စီးပွားရေး ဆိုင်ရာ ကိစ္စတွေနဲ့ ကာလတိုသွားရောက်ကြမယ့် သူတွေကိုလည်း ကန့်သတ်စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လာအိုနိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ လာအိုအဲလိုင်းက နိုင်ငံတကာလေကြောင်းခရီးစဉ် ၂ ခုအဖြစ် ဗီယန်ကျန်းနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကြား အပတ်စဉ် ကြာသပတေးနဲ့တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးနေတာဖြစ်ပြီး တရုတ်လေကြောင်းလိုင်းကတော့ အင်္ဂါနဲ့ သောကြာနေ့တွေမှာ ပြေးဆွဲပေးနေပါတယ်။ ဒီခရီးစဉ်ပြေးဆွဲမှုတွေက တရုတ်-လာအိုရထားလမ်းစီမံကိန်းနဲ့ တရုတ်နိုင်ငံဘက်က ရင်းနှီးမြှုပ်နှံထားတဲ့ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြေးဆွဲနေတာလို့ သတင်းမှာ ဖော်ပြပါတယ်။ လာအိုနိုင်ငံမှာ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၂ ယောက်သာရှိပြီး သေဆုံးသူ တယောက်မှ မရှိသေးပါဘူး။ တကမ္ဘာလုံးမှာတော့ ရောဂါကူးစက်ခံရသူ ၂၄ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၈ သိန်း ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

//
More News
Up