Live
Home
မြန်မာသတင်း
ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ
DVB
·
June 17, 2013
ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ အမြင်သဘောထား နှီးနှောဖလှယ်ပွဲတရပ်ကို ဒီကေဘီကေက ဦးဆောင်ပြီး ကရင်ပြည်နယ် စုကလိမြို့နယ်က ဆုံဆည်းမြိုင်ကျေးရွာမှာ  ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး  ၃ ရက်ကြာ ပြုလုပ်ခဲ့ကြပါတယ်။ နှီးနှောဖလှယ်ပွဲကို အစိုးရ တာဝန်ရှိသူတွေအပါအ၀င်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ၃၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးကျော်စိန်က “ဒီနှီးနှောဖလှယ်ပွဲက အင်မတန်ကောင်းတဲ့ အစီအမံတခုပါပဲ။ ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်ကြီး စောလားဘွယ်ကိုလည်း အထူးပဲ လေးစားတယ်၊ ကျေးဇူးလည်း တင်တယ်။ ဘာလို့ဆိုတော့ ကျနော်တို့ ညီနောင်တွေ ဆုံစည်းခွင့်ရတဲ့အတွက်၊ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အနာဂတ်မြန်မာနိုင်ငံတော်အတွက် တို့ညီအစ်ကိုတွေ လက်တွဲဆောင်ရွက်ဖို့ ဒါပထမခြေလှမ်းပဲလို့ ဒီလိုပဲ သုံးသပ်ခံစားမိပါတယ်” လို့ ဆိုပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင် ဦးထွန်းဝင်းငြိမ်းက “ဒီ အစည်းအဝေး နှီးနှောဖလှယ်ပွဲကြီးကနေ ထွက်လာမယ့် ဆုံးဖြတ်ချက်တွေက သူတို့မျှော်လင့်တဲ့ ငြိမ်းချမ်းရေး၊ အဲဒီငြိမ်းချမ်းရေးရမှ ဒီမိုကရေစီရေး တိုးတက် ဖြစ်ထွန်းမှုက ကျနော်တို့ နိုင်ငံအတွက် အပြည့်အ၀ ရမှာ။ ဒါ့ကြောင့် ဒီ နှီးနှောဖလှယ်ပွဲကနေ ကျနော်တို့ဟာ တိုင်းရင်းသားအင်အားစုတွေ အပါအ၀င် အခြား အဖွဲ့အစည်းအသီးသီးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေကို ပိုမိုပြီး ယုံကြည်ခိုင်မာလာစေတယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ဦးဆောင်ကျင်းပတဲ့ ဒီကေဘီအေ အဖွဲ့ကတော့ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ အပတ်အခတ်ရပ်စဲရေးအဆင့်မှာ ရပ်မနေဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ထိ ရောက်အောင် အခုတွေ့ဆုံဖလှယ်ပွဲကနေ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်ရေးနဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေအပါအ၀င် ခေါင်းစဉ် ၈ ခုနဲ့ ၃ ရက်ကြာ ဆွေးနွေးကြပါတယ်။ Read more

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024